Wednesday, October 5, 2016
စာနယ်ဇင်းစူပါမတ်ကတ် - မင်းလူ
ရန်ကုန်မြို့လယ်သို့ မရောက်ဖြစ်တာ နည်းနည်းကြာသွားတယ်။ လပိုင်းလောက်တောင်ရှိလိမ့်မည်။ အလုပ်ကိစ္စရှိမှပင် ထွက်ဖြစ်တော့သည်။ ဒီနေ့တော့ ဘာရယ်မဟုတ် မြို့ထဲလည်ချင်သဖြင့် ခပ်စောစောပင် အိမ်မှထွက်ဖြစ်ခဲ့၏။
သုံးဆယ့်ကိုး ဒေဝူးကားကြီးကို စီးပြီး ပန်းဆိုးတန်းမှတ်တိုင်မှာ ဆင်းလိုက်သည်။ အမှန်တော့ အမြန်ကားလေးစီးပြီး မဟာဗန္ဓုလပန်းခြံလမ်း အပေါ်လမ်းမှတ်တိုင်မှာဆင်းလျှင် သုံးဆယ့်သုံးလမ်း စာအုပ်တန်းနှင့် နီးနီးလေး၊ စာအုပ်ဟောင်းတန်း ဝင်မွှေချင်သောကြောင့် အောက်လမ်းဘက်ကို စီးသွားခြင်းဖြစ်၏။
ကားပေါ်ကဆင်းပြီး ပန်းဆိုးတန်းလမ်းအတိုင်း အပေါ်ဘက် ပြန်လျှောက်ခဲ့၏။ ပန်းဆိုးတန်းလမ်းထောင့် ရုံးအဆောက်အဦကြီး၏ ဆင်ဝင်အောက်မှာ လမ်းဘေးစာအုပ်အဟောင်းဆိုင်တွေ တသီတတန်းကြီး ရှိခဲ့သည်။ အခုကျတော့ တစ်ဆိုင်မှ မတွေ့။
စည်ပင်သာယာ ခွင့်မပြုတော့လို့များလားဟု ထင်သွားမိသေးသည်။ မဖြစ်နိုင်။ ထီးဖိနပ်ပြင်သည့်ဆိုင်တွေ၊ အသုံးအဆောင်ပစ္စည်း အသေးအမွှားရောင်းသည့် ဆိုင်ကလေးတွေ ရှိနေသေးပဲ။
ဇဝေဇဝါနှင့် ဆက်လျှောက်လာခဲ့သည်။ ဆိုင်ခန်းတွေနှင့် ကျကျနနရောင်းသော အမေ့အိမ်စာပေ။ အေဝမ်းစာပေ၊ မြင့်မိုရ်စာပေတို့လည်း မရှိတော့ ဆိုင်တွေပိတ်ထားပြီး ဆိုင်းဘုတ်တွေ ဖြုတ်ထားသည်။ ဘယ်လိုဖြစ်ကုန်ကြပါလိမ့်။
"ဟေ့လူ ဘာယောင်နေသလဲ..."
ပခုံးကိုပုတ်ပြီး လာနှုတ်ဆက်သဖြင့် လှည့်ကြည့်လိုက်သည်။ ငြိမ်းငြိမ်းချမ်းချမ်း စာပေမှ ကိုခင်ဇော်...
"ဟာ...အတော်ပဲ ခင်ဗျားကိုတွေ့တာ ဒီကစာအုပ်ဆိုင်တွေ ဘယ်ရောက်ကုန်ပြီလဲဗျ တစ်ဆိုင်မှ မတွေ့တော့ပါလား"
သူက ကျွန်တော့်ကို တော်တော်တုံးတဲ့လူပဲ ဆိုသောအကြည့်ဖြင့် ကြည့်ရင်း...
"ခင်ဗျားကလဲ စာနယ်ဇင်း စူပါမတ်ကတ်ကြီးတစ်ခုလုံး ရှိနေမှ ဒီလို လမ်းဘေးမှာ ဘယ်သူက ဆိုင်ဖွင့်တော့မှာလဲဗျ"
"ဘာ စာနယ်ဇင်း စူပါမတ်ကတ်"
"ဟုတ်တယ်လေ...ခင်ဗျား မသိဘူးလား"
"ဟင့်အင်း"
ကျွန်တော် အံ့သြစွာ ခေါင်းခါလိုက်သည်။ သူက အပြစ်တင်သော လေသံဖြင့်...
"ခင်ဗျားက စာပေနဲ့ အဆက်အသွယ်ပြတ်နေတာကိုးဗျ"
"မပြတ်ပါဘူးဗျာ...ဟိုတစ်ပတ်ကတောင် ကိုမျိုးညွန့် နေမကောင်းဘူးကြားလို့ တယ်လီဖုန်းဆက်ပြီး သတင်းမေးလိုက်ပါသေးတယ်..."
"ဟား...အဲဒီ စာပေလောက စာအုပ်တိုက်ကို ပြောတာမဟုတ်ဘူး။ စာပေနယ်နဲ့ အဆက်ပြတ်နေတာကို ပြောတာ"
တကယ်တော့ ကျွန်တော် စာပေနယ်နှင့် အဆက်မပြတ်ပါ။ ဇာတ်ညွှန်းတစ်ပုဒ် ရေးနေရသဖြင့် နှစ်လလောက် အိမ်ထဲမှာအောင်းနေခဲ့ခြင်းသာဖြစ်၏။ ဒီကြားထဲမှာ ဝတ္ထုတိုတစ်ပုဒ်နှင့် အက်ဆေးတစ်ပုဒ်တောင် ရေးဖြစ်ခဲ့ပါသေးသည်။ ကိုခင်ဇော်သည် သူ့စာအုပ်တိုက်အတွက် ကျွန်တော် စာမူရေးမပေးနိုင်သေးသဖြင့် စိတ်ကောက်ပြီး အခွင့်အရေးရတုန်း ဖိထောင်းနေခြင်းသာဖြစ်၏။
ဘာပဲဖြစ်ဖြစ် ဒီနှစ်လလောက်လေး အဆက်ပြတ်သွားရုံဖြင့် စာပေနယ်မှာ အပြောင်းအလဲတွေြဖစ်သွားပုံကို အံ့သြမိရင်း...
"ကဲပါဗျာ၊ ထားပါတော့ ခုနပြောတဲ့ စာနယ်ဇင်းစူပါမတ်ကတ်ဆိုတာ ပြောပြပါအုံး ဘယ်မှာဖွင့်ထားတာလဲ..."
"သုံးဆယ့်သုံးလမ်းထိပ်မှာဗျ၊ ကျွန်တော်အဲဒီကိုသွားမှာပဲ၊ ခင်ဗျားလိုက်ခဲ့ပေါ့၊ ဟိုကျရင်တွေ့ပါလိမ့်မယ်၊ စာအုပ်ဆိုင်တွေအားလုံး အဲဒီမှာပြောင်းဖွင့်နေကြပြီ၊ လမ်းဘေးစာအုပ်ဆိုင်လေးတွေလဲ အဲဒီမှာ နေရာသပ်သပ်ရထားသေးတယ်..."
ပန်းဆိုးတန်းလမ်းအတိုင်း လျှောက်လာကြရင်း သူက ဆက်ရှင်းပြသည်။
"ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှ ဖွင့်ပွဲလုပ်တာဗျ။ ဒေါ်ဒေါ် ဒေါ်အမာတို့က ဖဲကြိုးဖြတ်ပြီး ဖွင့်ပေးတာ ဆရာကျော်အောင်က အခမ်းအနားမှူးလေ။ အရမ်းစည်ကားတယ်၊ စာရေးဆရာတွေ တော်တော်များများ လာကြတယ်။ ခင်ဗျားသာ မသိလိုက်တာ..."
"အေးဗျာ အလုပ်နည်းနည်း ရှုပ်နေတာနဲ့ သတင်းမကြားလိုက်ဘူး..."
ကျွန်တော် ဝန်ခံလိုက်ရသည်။ စိတ်ထဲမှာတော့ စာရေးဆရာလုပ်နေပြီး ဒီလိုသတင်းကောင်းကောင်းကိုတောင် မသိရကောင်းလားဟု ကိုယ့်ကိုယ်ကို မကျေမနပ် အပြစ်တင်မိ၏။
အနော်ရထာလမ်းနှင့် ဆုံရာသို့ရောက်သောအခါ ကိုခင်ဇော်က
"လမ်းရဲ့ ဒီဘက်အခြမ်းကနေကြည့်မှ အဆောက်အဦရဲ့ပုံစံကို ပိုပြီးခံစားလို့ရမှာဗျ လာ..." ဆိုပြီး ဘယ်ဘက်ချိုး၍ ခေါ်သွားသည်။ သုံးဆယ့်သုံးလမ်းနား ရောက်သောအခါ "ဟိုမှာကြည့်" ဟု သူက ညွှန်ပြသဖြင့်...
ကျွန်တော် ရင်သပ်ရှုမောသွားရ၏။ အနော်ရထာလမ်း၏ တစ်ဘက် သုံးဆယ့်သုံးလမ်းထိပ်မှာ ရောင်ပြန်မှန်ကြီးများ အပြည့်တပ်ဆင်ထားသော မြင့်မြင့်မားမား အဆာက်အဦကြီးကို လှမ်းမြင်ရသည့် ဗိသုကာပုံစံကိုက အဓိပ္ပါယ်ပြည့်ဝလှသည်။ စွယ်စုံကျမ်းကဲ့သို့ စာအုပ်ထူထူကြီးတစ်အုပ်ကို အလယ်မှဖွင့်ပြီး ထောင်ထားသည့်ပုံမျိုး။
ကျွန်တော် တအံ့တသြ ငေးကြည့်နေစဉ်...
"ကဲ...လာ...သွားကြမယ်..."
ကိုခင်ဇော်က ဦးဆောင်ခေါ်သွားသည်။ လမ်းဆုံမီးပွိုင့်ထိ လျှောက်ပြီး မျဉ်းဝါကြားမှ ကူးကြသည်။ ကျွန်တော် စိတ်စောနေသဖြင့် မီးစိမ်း၍ ကားတွေသွားနေသည့်ကြားကပင် ဖြတ်ပြေးမိ၏။
အဆောက်အဦမှာ အတွင်းဘက်သို့ ထောင့်ကိုချိုးပြီး ဆောက်ထားသဖြင့် ရေှ့မှာ ကားရပ်ရန် ကွက်လပ်ရှိနေသည်။ ထိုနေရာတွင် ကျွန်တော်ရပ်စောင့်သည်။ ကိုခင်ဇော်က နောက်မှ ခပ်သုတ်သုတ် လိုက်လာပြီး...
"ခင်ဗျားကလဲ ခုမှ လောနေလိုက်တာ" ဟု ပြောသည်။
ကျွန်တော်က ရယ်နေလိုက်၏။ ထို့နောက် အောက်ဆုံးထပ်ထဲ ဝင်ခဲ့ကြသည်။
"ဒီမြေညီထပ်မှာ သတင်းစာတွေ ဂျာနယ်တွေ အခုနောက်ဆုံးထုတ်တဲ့ ဝတ္ထုစာအုပ်တွေ ရောင်းတဲ့နေရာဆိုပါတော့..."
သူက ရှင်းပြသည်။ စာအုပ်ဝယ်သူ၊ အပျင်းပြေဝင်ကြည့်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားနေ၏။
"ကောင်းတယ်ဗျာ စာအုပ်ဝယ်ချင်တဲ့သူတွေ တစ်နေရာထဲမှာ လိုချင်တာ ရွေးဝယ်နိုင်တာပေါ့..." ဟု ကျွန်တော်ပြောလိုက်သည်။
ဆိုင်တန်းများ၏ အလယ်တွင် ကျောချင်းကပ်၍ ချထားသော ခုံတန်းရှည်များရှိ၏။ လူအချို့ ထိုင်ပြီး သတင်းစာများ၊ ဂျာနယ်များ ဖတ်နေကြသည်။
"အဲဒါ ငှားဖတ်တဲ့လူတွေ၊ သတင်းစာတစ်စောင်နှစ်ကျပ်၊ ဂျာနယ်တစ်စောင်ငါးကျပ်နဲ့ ငှားဖတ်လို့ရတယ်၊ ဖတ်ပြီးပြန်အပ်ခဲ့ရုံပဲ၊ အကုန်အကျသက်သက်သာသာနဲ့ ဖတ်လို့ရတာပေါ့..."
ကိုခင်ဇော်က ရှင်းပြသည်။
"ကဲ လာ...အပေါ်တက်ရအောင်"
ရွေ့လျား စက်လေှကားဖြင့် ပထမထပ်သို့ တက်လာခဲ့ကြသည်။ ဒီအထပ်မှာ ရေရှည်ဆိုင်ပေါ်တင်၍ ရောင်းချရသော စာအုပ်စာတမ်းများရှိသည်။ ကျမ်းစာအုပ်များ၊ အဘိဓာန်များ၊ ပညာရှင်ကြီးများ၏ စာအုပ်များ၊ ဂန္တဝင်ဝတ္ထုကြီးများကို ရောင်းချကြသည်။ အောက်ထပ်မှာလောက် လူမစည်ကားသော်လည်း တကယ် စာဖတ်သက် ရင့်သူတွေကို တွေ့ရသည်။ စာအုပ်ကောင်းလျှင် ရောင်းဈေးဘယ်လောက်ကြီးကြီး ဂရုမစိုက်ဘဲ ဝယ်နေကြသည်ကို တွေ့ရ၏။ စာအုပ်ဆိုင်များ၏ ကောင်တာပေါ်တွင် ရရှိနိုင်သည့် စာအုပ်များ ကတ်တလောက်စာရင်းကို ချပေးထားသည်။ စာအုပ်ဝယ်လျှင် ၎င်းတို့ဆိုင်အမှတ်တံဆိပ်ပါသည့် ပလတ်စတစ်လက်ဆွဲအိတ်ငယ်ကလေးများနှင့် ထည့်ပေးသည်။
တစ်စုံတစ်ယောက်ဆီ စာအုပ်လက်ဆောင် ပို့ချင်လျှင်လည်း လိပ်စာ၊ စာအုပ်ဖိုး၊ စာပို့ခတို့ပေးထားလျှင် စာအုပ်ဆိုင်က တာဝန်ယူပေးသည်ဆို၏။
ဒုတိယထပ်တွင် နိုင်ငံခြားဘာသာနှင့် ထုတ်ဝေသော စာနယ်ဇင်းများရှိ၏။ အထူးသဖြင့်တော့ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော စာအုပ်များ၊ မဂ္ဂဇင်းဂျာနယ်၊ သတင်းစာများ ရောင်းသည်။
တတိယထပ်မှာတော့ စာရေးကိရိယာများရောင်းသည်။ စာရေးစက္ကူများ၊ ဘောလ်ပင်၊ ဖောင်တိန်မျိုးစုံ၊ စက္ကူချုပ်စက်များ၊ အီလက်ထရွန်းနစ်အဘိဓာန်များ၊ စုံစုံလင်လင်ရှိ၏။
စတုတ္ထထပ်သည် စာပေပြတိုက်ဖြစ်ပြီး ပဥ္စမထပ်ကတော့ စာကြည့်တိုက်နှင့် အပန်းဖြေရိပ်သာဖြစ်၏။
"အဲဒါတွေက ဆယ်နာရီဖွင့်မှာဗျ အပေါ်က ပြန်ဆင်းလာမှ ကြည့်တာပေါ့..." ဟု ကိုခင်ဇော်က ပြောသည်။
"အပေါ်မှာဘာရှိသေးလို့လဲဗျ၊ ခေါင်မိုးပဲရှိတော့တာပါ..."
"လာစမ်းပါဗျာ..."
သူက ကျွန်တော့်လက်မောင်းကို ဆွဲပြီး ခေါင်မိုးပေါ်သို့ ခေါ်သွား၏။ လှေကားမှတက်ပြီး ခေါင်မိုးပြန့်ပေါ်ရောက်သောအခါ ကျွန်တော် အလွန်အံ့သြသွားရ၏။ အဘယ်ကြောင့်ဆိုသော် လမ်းဘေး စာအုပ်ဆိုင်တန်းကို တွေ့လိုက်ရသောကြောင့်ပင် ဖြစ်၏။
ခေါင်မိုးပေါ်မှာပင် ကတ္တရာလမ်း၊ ပလက်ဖောင်းစသည်တို့ကို ပုံတူပြုလုပ်ထား၏။ ခရေပင်၊ ရေတမာပင်များလည်း လမ်းဘေးမှာရှိသည်။ ပလက်ဖောင်းပေါ်မှာတော့ စာအုပ်အဟောင်းဆိုင်ကလေးများ ချခင်းထားကြ၏။ တကယ့်ကိုတူအောင် ပြုလုပ်ထားလေသည်။
"လမ်းဘေးဆိုင်မှာ ဝင်မွှေရမှ အရသာတွေ့တတ်တဲ့လူတွေအတွက် လုပ်ပေးထားတာလေ"
ကိုခင်ဇော်က ရှင်းပြသည်။ ပန်းဆိုးတန်းက ဆိုင်တွေအကုန်လုံး ဒီပေါ်ရောက်ကုန်ကြတာကိုးကွ၊ ခုမှ သဘောပေါက်သွား၏။ စာအုပ် အဟောင်းဆိုင်တွေ့လျှင် မကြည့်ဘဲ မနေနိုင်သောကြောင့် တစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက် လျှောက်ကြည့်မိ၏။ နှစ်အုပ် သုံးအုပ် ဝယ်ဖြစ်သွားသည်။
"လက်ဖက်ရည်သောက်ဦးမလား..."
ကိုခင်ဇော်က မေးသဖြင့်...
"အောက်ရောက်မှ..."ဟု စကားစပြီးမှ ဆိုင်ကိုလှမ်းမြင်၏။
စာအုပ်ဆိုင်တန်း၏ တစ်ဘက်အစွန်ဆုံးမှာ လမ်းဘေး လက်ဖက်ရည်ဆိုင်ကလေး၊ ဆိုင်းဘုတ် ခပ်သေးသေးတစ်ခုကိုလည်း ချိတ်ဆွဲထား၏။
"လေထန်ကုန်း..."
လက်ဖက်ရည်ဆိုင်ထိုင်ရင်း စာနယ်ဇင်းစူပါမတ်ကတ်ကြီးမှာ စီစဉ်ထားပုံ အလွန်အဆင့်မြင့်ကြောင့် ပြောကြသည်။
"တစ်ခုမှ လွတ်ကွက်၊ ဟာကွက်မရှိအောင် လုပ်ထားတာဗျ ဟိုမှာတွေ့လား..."
သူ ညွှန်ပြရာသို့ ကြည့်လိုက်ရာ ဆိုင်တစ်ဆိုင်ကိုတွေ့ရသည်။ ဆိုင်ကတော့ ဖွင့်မထား။ စားပွဲခုံတွေ ကုလားထိုင်တွေ စီထားတာတော့ တွေ့သည်။
"ဟဲ...ဟဲ စာပေသမားတွေအတွက် ဒီလိုဟာမျိုးလဲ ထားပေးဖို့မမေ့ဘူး။ အဲဒီဆိုင်ကတော့ ညနေခြောက်နာရီမှ ဖွင့်မယ်..."
"ဘာဆိုင်လဲဗျ..."
"ခင်ဗျားကလဲ နားဝေးလိုက်တာ စာပေသမားတွအတွက် ဆိုမှတော့ အရက်ဆိုင်ပေါ့ဗျ..."
"တယ်ဟုတ်ပါလား..."
"ဟုတ်ရုံဘယ်ကမလဲ၊ မဂ္ဂဇင်းတိုက်တစ်ခုခု၊ ဒါမှမဟုတ် စာပေတိုက်တစ်ခုခုက ငွေရေးကြေးရေးအတွက် တာဝန်ယူမယ်လို့ ထောက်ခံပေး အဲဒီဆိုင်မှာ အကြွေးသောက်လို့ရတဲ့ ကတ်ပြား ထုတ်ပေးသေးတယ်။ အဲဒီကတ်ကို ဘီအီးကတ်လို့ ခေါ်တယ်..."
"တော်တော်အကွက်စေ့အောင် လုပ်ပေးထားတာပဲ ဒါနဲ့ အဲဒီဆိုင်ရဲ့ နာမည်ကကော..."
"လေရူးသုန်သုန်တဲ့..."
"ဟာ...လှလိုက်တဲ့နာမည်ဗျာ..."
"ညနေဆိုင်ဖွင့်ချိန်ဆိုရင် စာရေးဆရာတော်တော်များများ လာထိုင်ကြတယ်။ ခင်ဗျားလဲ တစ်ရက်လောက် လာထိုင်ပေါ့..."
"ခင်ဗျားကတော့ ညနေတိုင်းရှိတယ်ပေါ့ ဟုတ်လား..."
ကျွန်တော်က သူ့ကို ပြန်ထေ့လိုက်သည်။ သူပြုံးနေ၏။ ပြီးမှ နာရီကိုကြည့်ပြီး...
"ဆယ်နာရီကျော်ပြီဗျ၊ စာကြည့်တိုက်နဲ့ ပြတိုက်ဖွင့်နေပြီ၊ သွားရအောင်..."
လက်ဖက်ရည်ဖိုး ရှင်းပြီး အောက်ထပ်သို့ ပြန်ဆင်းလာသည်။ ပထမဆုံး စာကြည့်တိုက်ကိုဝင်သည်။ ပြင်ဆင်ထားပုံမှာ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်နှင့် အတော်ဆင်သည်။ ကတ်တလောက်ကတော့ သုံးနေကျပုံစံအပြင် ကွန်ပျူတာနှင့်ပါ အလွယ်တကူ ရှာလို့ရအောင် စီစဉ်ပေးထားသည်။ အင်တာနက်နှင့် ချိတ်ထားသော ကွန်ပျူတာကလည်း ရှိသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ စာကြည့်တိုက်ကြီးများနှင့် တိုက်ရိုက်ဆက်သွယ်မှုရှိသည်။ ဖတ်လိုသော စာနယ်ဇင်းမှန်သမျှ ထုတ်ယူနိုင်သည်။ စာရွက်ဖြင့် ကူးယူသွားလိုလျှင် တစ်မျက်နှာ တစ်ဆယ်နှုန်းဖြင့် ကူးပေးသည်။
စာကြည့်တိုက်နှင့် ကပ်လျက်အခန်းမှာ စာနယ်ဇင်းသမားများ နားနေေဆာင်ဖြစ်၏။ ဆက်တီကုလားထိုင်များ၊ ပက်လက်ကုလားထိုင်များ ချပေးသည်။ စာပေသမားများ နားနားနေနေ အပန်းဖြေနိုင်သည်။ စာအကြောင်း ပေအကြောင်း ဆွေးနွေးငြင်းခုန်နိုင်သည်။
ပြတိုက်ရှိရအထပ်သို့ ဆင်းခဲ့ကြသည်။ ပြတိုက်ထဲမဝင်ခင် အပြင်ခန်းမှာ ဆက်သွယ်ရေးဌာနဖြစ်၏။
ဒီဌာနကနေ စာအုပ်တိုက်တွေ မဂ္ဂဇင်းတိုက်တစ်တိုက်ကို စာမူပို့ချင်ရင် ဒီမှာပေးခဲ့ရုံပဲ၊ စာမူခနဲ့ မဂ္ဂဇင်းကိုလည်း ဒီမှာထုတ်လို့ရတယ်။ မဂ္ဂဇင်းတိုက်နဲ့ စာရေးဆရာတွေကြားမှာ ဆက်သွယ်ပေးတဲ့သဘော။ ထို့နောက် ဗီဒီယိုခန်းကို တွေ့ရသည်။ ခုံငါးဆယ်လောက်ဆန့်သော အခန်းဖြစ်၏။ တီဗွီအကြီးစား တစ်လုံးကိုလည်း တွေ့ရ၏။
"ဒီမှာက ကမ္ဘာ့ဂန္တဝင် ဝတ္ထုကြီးတွေ၊ မြန်မာနိုင်ငံက ဂန္တဝင် ဝတ္ထု၊ နာမည်ကြီးဝတ္ထုတေွကို ပြန်ရိုက်တဲ့ ရုပ်ရှင်တွေကို ကူးထားတဲ့ ဗီဒီယိုတွေ တစ်နေ့တစ်ကားပြတယ်..."
ကြော်ငြာသင်ပုန်းတွင် ယနေ့ပြမည့် ဇာတ်ကားမှာ ချားလ်ဒစ်ကင်း၏ ဂရိတ်အိတ်စပက်တေးရှင်းဖြစ်ကြောင်း ရှင်းထား၏။
"ကဲ...လာ ပြတိုက်ထဲသွားမယ်"
ပြတိုက်ကြီးမှာ စာပေနှင့်ပတ်သက်သော ပစ္စည်းမျိုးစုံကို ပြသထားသည်။ စက္ကူဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ကံ့ကူဆံများ၊ ကျောက်စာနမူနာများ၊ ရှားပါးစာအုပ်များ၊ မင်းတုန်းမင်းကြီးလက်ထက် ရတနာပုံသတင်းစာ ရိုက်နှိပ်ခဲ့သည့် ပုံနှိပ်စက်၊ နိုင်ငံကျော်စာရေးဆရာကြီးများ၏ ဓာတ်ပုံများ၊ လက်ရေးမူများ၊ ပြီးတော့...
"စာရေးဆရာကြီးများ သက်ရှိထင်ရှားရှိစဉ်က အသုံးပြုခဲ့သော ပစ္စည်းများ..."
ထိုပြခန်းမှာ အလွန်စိတ်ဝင်စားဖို့ကောင်းသည်။ ဆရာကြီး ဂျိမ်းစ်လှကျော်၏ မှတ်စုစာအုပ်၊ ဆရာကြီးရွှေဥဒေါင်း၏ ဆေးတံ၊ ဆရာကြီးပီမိုးနင်း၏ ခေါင်းပေါင်း၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကွမ်းအစ်၊ ဆရာဗဂျီအောင်စိုး၏ ရိုးရာခေတ်သစ်ပန်းချီများ ရေးဆွဲခဲ့သော ကလောင်တံ၊ ဆရာသော်တာဆေွ ဈေးဝယ်ထွက်သည့် ခြင်းတောင်း၊ ဆရာမြသန်းတင့်၏ မျက်မှန်ထူထူကြီး။ ထို့နောက်...
ကျွန်တော်သည် ရုတ်တရက် ငေးကြောင်ကြည့်နေမိ၏။ အဖေ့ဓာတ်ပုံကြီးကို တွေ့လိုက်ရသောကြောင့်ဖြစ်၏။ လွယ်အိတ်လွယ်လျက်၊ စီးကရက်လက်ကြားညှပ်လျက်၊ ရှုတည်တည်ကြည့်နေသော အဖေ့ဓာတ်ပုံ၊ ပြီးတော့ နံရံတွင်ချိတ်ထားသော လွယ်အိတ်အနီကလေးတစ်လုံး။ စာညွှန်း...
"ဆရာသာဓု အမြတ်တနိုးလွယ်ခဲ့သော လွယ်အိတ်"
ကျွန်တော် အံ့သြဝမ်းသာသွားရ၏။ သူတို့ ဘယ်ကဘယ်လို ရအောင်ရှာထားသလဲ။ ကျွန်တော်တောင် မသိလိုက်။ စီစဉ်သူများ၏ အပင်ပန်းခံမှု၊ အကွက်စေ့မှုကို ချီးကျူးရင်း ပီတိဖြစ်နေစဉ်...
------------x--------------x--------------x-----------x------------
"ပန်းဆိုးတန်းပါလား..."
စပါယ်ယာ၏ အော်သံကို ကြားလိုက်မှ စိတ်ကူးတွေ လွင့်စင်ထွက်ကုန်၏။ ကျွန်တော်သည် ဘတ်စ်ကားပေါ်မှာပဲ ရှိနေတုန်း ညက ရုပ်မြင်သံကြား နိုင်ငံခြားသတင်းထဲမှာ ကြည့်လိုက်မိသော ပီကင်းမြို့ရှိ အကြီးဆုံးစာအုပ်ဆိုင်ကြီးဖွင့်သည့်အကြောင်း သတိရပြီး စိတ်ကူးယဉ်နေမိခြင်းဖြစ်၏။
ပန်းဆိုးတန်းမှတ်တိုင်မှာဆင်းပြီး လျှောက်လာခဲ့သည်။ လက်ယာဘက် ရုံးပတ်လည်ဆင်ဝင်ကြီးအောက်မှာ လမ်းဘေးစာအုပ်ဆိုင်ကလေးတွေ ခင်းကျင်းထားကြပြီ။
မိုးတစိမ့်စိမ့်ရွာနေသောကြောင့် လူသိပ်မစည်ကားလှ။
အရောင်းအဝယ်လည်း ပါးဟန်တူသည်။ စာအုပ်ဆိုင်ရှင် နှစ်ယောက်မှာ စစ်တုရင်ထိုးနေကြသည်။ တစ်ယောက်ကတော့ ဒူးပေါ် လက်ယှက်၍ နဖူးပေါ်တင်ပြီး အိပ်ငိုက်နေသည်။ ကျောင်းသုံးစာအုပ်အဟောင်းတွေ ရောင်းသောဆိုင်မှာသာ ဝယ်သူအချို့ ရှိသည်။
ပန်းဆိုးတန်းလမ်းအတိုင်း အထက်ကိုမျှော်ကြည့်လိုက်သောအခါ စီးကရက်ဘူးကြီးတွေထောင်ထားသလို ဖြစ်နေသော အထပ်မြင့် အဆောက်အဦသစ်ကြီးများကို ဟိုတစ်လုံး ဒီတစ်လုံး လှမ်းမြင်ရလေသည်။
မင်းလူ
(ကလျာ၊ ဇွန်လ၊ ၁၉၉၉)
----------------------------------------------------------
ဒီရက်ပိုင်းမှာ Yangon Book Plaza လုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ တွေ့မိတာကြောင့် တချိန်က ဆရာ့ရဲ့ အက်ဆေးလေးကို ပြန်တင်ပေးတာပါ။
Yangon Book Plaza ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေလို့ ရည်ရွယ်ရင်း...
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
0 comments :
Post a Comment