Monday, August 4, 2014

ည မဆန်တဲ့ ည

Leave a Comment
ညဟာ ဆူညံလွန်းလှတယ်။

အမြဲလိုလို အိမ်ပြန်နောက်ကျတတ်တဲ့သူတစ်ယောက်အတွက် ညဟာ ဘယ်တော့မှ တိတ်ဆိတ်စွာ စောင့်ကြိုမနေခဲ့ဘူး။
ကားသံ ဆိုင်ကယ်သံတွေ ဆူညံနေတဲ့လမ်းမတွေဟာ တိတ်ဆိတ်ခြင်း ဆိုတာကို ရှိတယ်လို့တောင် ထင်ပုံမရ။




ဆူညံရှုပ်ထွေးတဲ့ လမ်းမတစ်လျှောက် ဆိုင်ကယ်ကို အသော့နှင်လာရင်းနဲ့ မြို့လယ်ကို ဖြတ်ကျော်ပြီး အသွားအလာ တဖြည်းဖြည်း ကျဲပါးလာတဲ့ ဆင်ခြေဖုံးဘက်ကို ရောက်လို့လာတယ်။
ဒီအချိန်ဟာ ကိုယ့်အတွက်တော့ အတိတ်ဆိတ်ဆုံး လို့ ပြောရမယ့် တစ်ဒင်္ဂ အချိန်လေးပါပဲ။

အဓိက လမ်းမကြီးတွေကနေ ဖဲခွာပြီး နေထိုင်ရာ ရပ်ကွက်လေးဘက်ကို ချိုးဝင်လိုက်တာနဲ့ ကားသံ ဆိုင်ကယ်သံတွေ လျော့သွားပြီး လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နဲ့ အိမ်တွေက အသံတွေဟာ ထပ်ပြီး လွင့်ပျံလာလေရဲ့။
တစ်နေကုန် မောပန်းလာသူအတွက်တော့ ဒီအသံတွေဟာ သာယာသံထဲမှာ မပါဝင်တာ အမှန်ပဲ။

အသံတွေက လွတ်မြောက်ရာကို ခဏလေး ပြေးထွက်တဲ့အနေနဲ့ ကမ်းနားလမ်းဘက်ကို လမ်းလျှောက်ထွက်ခဲ့မိတယ်။
ဒါပေမယ့် အသံတွေဆီကတော့ ပြေးမလွတ်နိုင်ခဲ့ပါဘူး။
ညမှာမှ အသက်ဝင်လာတတ်တဲ့ ညဈေးဟာ လူသူသံတွေ ဆူညံစွာနဲဲ့ စောင့်ကြိုနေလေရဲ့။
ကုန်စိမ်းသည်တွေဆီက ဟစ်အော်ရောင်းချသံ၊ ဈေးဝယ်တွေရဲ့ မေးမြန်းပြောဆိုသံတွေ၊ ကုန်တင်ကုန်ချ လုပ်နေကြတဲ့ ကားကြီးကားငယ်တွေနဲ့ အလုပ်သမားတွေရဲ့ အသံတွေ၊ ဈေးကလေးပတ်လည်က အလင်းဆိုင်တွေဆီက ပျံ့လွင့်လာတဲ့ သီချင်းသံတြွေကားမှာ ည ရဲ့ တိတ်ဆိတ်မှု ဟာ ပျောက်ကွယ်သွားပြန်ရော။
ဒီနေရာမှာတော့ ည ဟာ ည မဆန်စွာန့ဲ လှုပ်ရှားသက်ဝင်နေတယ်။
မီးရောင်တထိန်ထိန်ကြားမှာ ရောင်းဝယ်ဖောက်ကားနေကြတဲ့ သူတွေ၊ အဝင်အထွက် မပြတ်ရှိနေတဲ့ ကုန်ကားတွေ၊ အသစ်အသစ် ရောက်လာတဲ့ ဈေးသည်တွေ၊ ဈေးဝယ်တွေကြောင့် ည ရဲ့ သင်္ကေတဖြစ်တဲ့ ဆိတ်ငြိမ်မှု ဟာ ခပ်လှမ်းလှမ်းက ဧရာဝတီမြစ်ထဲမှာပဲ ကျင်လည်နေရရှာတယ်။
ညဉ့်နက်လာလို့လားမသိ….. ဈေးကလေးဟာ ပိုလို့တောင် အသက်ဝင်လာသလို ထင်ရရဲ့။
အသံတွေနဲ့ ဝေးရာဆီ ပြေးထွက်လာသူတစ်ယောက်အတွက်တော့ လိုဘမပြည့်ခဲ့ပြန်ဘူး။
အိမ်ဘက်ကို ပြန်အလာမှာတော့ ည ဟာ တိတ်ဆိတ်ခြင်းအစား ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်နဲ့ အဖော်ပြုရှာတယ်။

အိမ်အရောက်မှာတော့ အသံတွေဟာ နားထဲကို ထပ်ပြီး ခုန်ပေါက်ဝင်လာလေရဲ့။
အိမ်နီးချင်းတွေ ကိုယ်စီ ကိုယ်စီ အပြိုင်ကျဲနေပုံက တစ်အိမ်ထောင် DVDစက်တစ်လုံး စီမံကိန်းချထားတဲ့အလားပဲ။
အရှေ့အိမ်က တရားသံဟာ တောင်ဘက်အိမ်ရဲ့ ဟစ်ဟော့ပ် တီးလုံးနဲ့တွဲပြီး နားစည်ကိုလာရိုက်တယ်။
အနောက်ဘက်အိမ်ရဲ့ တဂျစ်ဂျစ် ရေဒီယိုကတော့ မြောက်ဘက်က မြန်မာဇာတ်လမ်းနဲ့ မဟာမိတ်ဖွဲ့ပြီး သောတအာရုံကို ကျူးကျော်သိမ်းပိုက်ပါလေရော။
ခေါင်းထဲမှာတော့ ရှိရှိသမျှ အသံပေါင်းစုံဟာ mixer မလိုဘဲ စည်းချက်ညီညီ ကခုန်လို့ပေါ့။
အသံအားလုံးဟာ သာယာသံ အမျိုးအစားထဲမှာ ပါပေမယ့် ကိုယ့်အတွက်တော့ ဆူညံသံတွေအဖြစ် ပြောင်းလဲသွားပါရော။

တစ်နေကုန် ပြေးလွှားလှုပ်ရှားထားရတာမို့ ခန္ဓာကိုယ်က အနားတောင်းတဲ့ အချက်ပေးသံတွေ တတီတီမြည်လာတယ်။
ခေါင်းထဲမှာတော့ အသံပေါင်းစုံက စည်းချက်ညီညီ ကခုန်လို့ကောင်းတုန်းပေါ့။
နာရီကိုကြည့်မိတော့ ညဉ့်ဦးယံဟာ ကုန်ဆုံးလုလု။
ခန္ဓာကိုယ်က အချက်ပေးသံတွေ ပိုလို့တောင် ဆူလာတယ်။ ထပ်တိုးသတိပေးချက်အနေနဲ့ မျက်ခွံတွေကပါ သူတို့ကန့်လန့်ကာကို ဆွဲပိတ်ဖို့ ပြင်လာကြပြီ။
အသံတွေကတော့ ထုံးစံအတိုင်း ကတုန်း ခုန်တုန်း။

နောက်ဆုံးတော့….
ကိုယ်တွင်းရန်က ပြင်ပရန်ကို နိုင်သွားလေရဲ့
ဆူညံသံ စာရင်းထဲကို သွင်းထားတဲ့ အသံပေါင်းစုံကို အိပ်ချင်စိတ်ရဲ့ အကူအညီနဲ့ သားချော့တေး အသွင်ပြောင်းပြီး လုပ်ရိုးလုပ်စဉ်အတိုင်း တစ်နေ့တာကို ဆူညံမှုတြွေကားကနေပဲ အဆုံးသတ်လိုက်တော့တယ်။
ည ခမျာတော့ အဲဒီအချိန်အထိ သူ့ဆီက ပျောက်ဆုံးနေတဲ့ တိတ်ဆိတ်ခြင်းကို လိုက်လံ ရှာဖွေနေဆဲ……………..


လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
10:44 PM 7/16/2014

0 comments :

Post a Comment