Friday, February 28, 2014

စကားသံချို ပြောဆိုရာတွင်

Leave a Comment
စကား..........
ဘာသာစကား ဆိုတာက
ဟိုးးအရင် လူသားတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ ကြိုးစားရင်းနဲ့ ပေါ်ထွက်လာတဲ့
ဆက်သွယ်ရေးနည်းလမ်းတစ်ခုလို့ ပြောရမယ်။
အခုအချိန်အထိလဲ တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဆဲပါ။
လူတစ်ယောက်ရဲ့ ပြောပုံဆိုပုံကိုကြည့်ပြီး သူ့ရဲ့ အမူအကျင့်ကို ခန့်မှန်းနိုင်တယ်လို့ ပြောရလေမလား။
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလိုပေါ့
ပြောတာ ကြာလာလေလေ အတွင်းသဘောကို ပို သိလာရလေလေပါပဲ။

ဒါကြောင့် လူတစ်ယောက်အကြောင်းကို သိချင်ရင် စကားပြောဆိုကြည့်တာက အကောင်းဆုံးလို့ ဆိုချင်မိတယ်။




(အဲ...ဒါပေမင့် ဦးမာဃကတော့ ခဏတဖြုတ် စကားပြောကြည့်ရုံနဲ့ မခန့်မှန်းတတ်သေးပါကြောင်း)

လေသံနဲ့ ဟန်ပန်
စကား ပြောမယ် ဆိုပြန်တော့လဲ........
ပြောရုံနဲ့တင် မပြီးဘဲ
လေယူလေသိမ်း၊ ဟန်ပန်အမူအယာ ကလဲ အရေးကြီးတဲ့နေရာက ပါလာပြန်ရော။
ဘယ်လောက်ပဲ နားဝင်ချိုတဲ့ စကားလုံးပဲ ဖြစ်နေပါစေ
ဆောင့်ကြီးအောင့်ကြီးနဲ့ ပြောရင်တော့ ဘယ်လိုမှ နားဝင်မချိုနိုင်ပါဘူး။
အဲဒီလိုပဲ ပြောတဲ့ ဆိုတဲ့ နေရာမှာ အပြောချိုပြီး မျက်နှာမချိုပြန်ရင်လဲ နားထောင်ရတာ အဆင်မချောပြန်ဘူး။
စကားတစ်ခွန်းနဲ့တင် လူတစ်ယောက်ကို ပျော်ရွှင်အောင် လုပ်နိုင်သလို၊ ဝမ်းနည်းအောင်လဲ လုပ်နိုင်ပါတယ်။
ချစ်စေလိုလည်း ခံတွင်းလက်လေးသစ်၊ မုန်းစေလိုလည်း ခံတွင်းလက်လေးသစ် လို့ ဆိုထားတယ်မဟုတ်လား။
အဲ...ဦးမာဃတို့ အင်တာနက်ပေါ်မှာ ပြောကြ ဆိုကြ ရေးကြ သားကြတဲ့အခါမှာတော့
စကားလုံးသက်သက်ပဲ ဖြစ်ပြီး လေယူလေသိမ်း၊ ဟန်ပန်အမူအရာ ထည့်လို့မရတာကြောင့်
အဲဒီ စာသား၊ စကားလုံးတွေဟာ ဖတ်သူရဲ့ စိတ်ခံစားချက်ပေါ်ကိုလိုက်ပြီး ပြောင်းသွားတတ်ပြန်ရော။
အဲဒီလို အခြေအနေမျိုးတွေမှာ အဓိပ္ပာယ်နှစ်ခွထွက်တဲ့ စကားတွေ သုံးခဲ့မိရင်တော့
ဖတ်တဲ့သူရဲ့ အတွေးပေါ်မူတည်ပြီး လွပ်လပ်စွာ သဘောထားကွဲကုန်ကြပါလေရော ဗျာ။
ယဉ်ကျေးမှု ဖလှယ်မယ်
စကား ဆိုတာ
လူမျိုးစု တစ်စုရဲ့ ယဉ်ကျေးမှုထဲမှာပါ ပါဝင်တယ်လို့ ထင်ပါတယ်။
လူမျိုးစု တစ်စုနဲ့တစ်စု ဆက်သွယ်ရာမှာ ဘာသာစကားဟာ အဓိက အခြေခံမို့ တိုင်းခြားဘာသာစကားတွေကိုလည်း
တတ်မြောက်ထားသင့်ပေသပေါ့။
ဘာသာမျိုးခြား စာစကား သင်ကြားသင့်သည်မှတ် တဲ့။ ဒါမှသာ တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေပြေ ဆက်သွယ်နိုင်မကိုး..
အဲ... အဲ့သလိုပြောလို့ ဦးမာဃ ဘာသာပေါင်းစုံတတ်တယ် မထင်ပါနဲ့ဗျာ။
မြန်မာစကား မတောက်တခေါက်နဲ့ အင်္ဂလိပ်စကား ကျောင်းမှာသင်သလောက်ပဲ တတ်တာပါ။
ကျန်တဲ့ဘာသာစကားတွေအတွက်တော့ Google နဲ့ Bing ရဲ့ Translator ကြီးတွေကိုအားကိုးပြီး
လေကျယ်နေတာဖြစ်ပါတယ် လို့။

မှတ်ထားမိတဲ့ အဆိုနှစ်ခု
စကား ပြောကြဆိုကြရာမှာ
မှတ်မှတ်သားသား ထားမိတဲ့ ဆိုစကားလေး နှစ်ခု ရှိတယ်။
အဲဒါတွေကတော့
လူပြောမသန် လူသန်မပြော ဆိုတာရယ်
ကြမ်းကျွံရင် နှုတ်လို့ရမယ်၊ စကားကျွံရင် နှုတ်လို့မရဘူး ဆိုတာရယ်ပါ။
စကား ဆိုတာ ကိုယ့်ရဲ့အမြင်၊ ကိုယ့်အတွေး၊ ကိုယ့်အယူအဆ ကို ထုတ်ဖော်ပြသနည်းတစ်မျိုး ဖြစ်တာမို့
ပြောဆိုဆက်ဆံရာမှာ ဖြတ်ခနဲ ထွက်သွားတတ်တဲ့၊ ရုတ်တရက် လွှတ်ခနဲ ပြောမိသွားတဲ့ စကားလေးတွေက ပြန်ရုပ်သိမ်းဖို့
မဖြစ်နိုင်တော့ပါဘူး........
စကား ဆိုတဲ့ အတိုင်း စ ကတည်းက ကားသွားတတ်တာမျိုးတွေက အများသားမို့ ဆိုခဲစေ မြဲစေ ဆိုသလိုသာ ပြောတာက
ကောင်းမယ်လို့လဲ တိုက်တွန်းချင်မိသား...။

စကားပြော နဲ့ စကားပြေ
စကား ပြောပုံဆိုနည်းကို ပြောရင်း
စကားပြေ ဆိုတဲ့ စကားလုံးလေးကိုပါ ဖျတ်ခနဲ သတိရမိလိုက်လို့
စကားပြေနဲ့ ပတ်သက်ပြီး မှတ်ထားမိတာလေးကို ချပြဦးမယ်။
အရှင်ဆေကိန္ဒ မိန့်ခဲ့တာပါ။
စကားပြေ ရေးတတ်ဖို့အတွက်
စကားပြေ ရေးနည်း မရှိဘူး။
မိသားစုအချင်းချင်း စကားကို ပြေအောင်ပြောတာ စကားပြေပဲ။
စာ စကားပြေဆိုတာ ပါးစပ် စကားပြေပြောတာ။
စကားကို ပြေအောင်ပြောတယ်ဆိုတာ သူ့အယူအဆ ကိုယ့်အယူအဆကို ပြေလည်သွားအောင်ပြောတာ
အင်း..... တွေးတော့ တွေးစရာပဲနော်။
စကား အကြောင်းကိုပြောရာက စကားပြေဘက် လှည့်သွားလို့လဲ လမ်းကြောင်းလွဲသွားပြီလို့ မပြောပါနဲ့ဦး
စပ်မိလို့ မှတ်ထားတာလေး ထုတ်ပြတာပါ။
အခုနောက်ပိုင်း အင်တာနက်ပေါ်မှာ အများဆုံး တွေ့မိတာက ပြောဟန်နဲ့ ရေးထားတဲ့ စာတွေလေ။
အဲဒီမှာ စာကို စကားပြောဟန်နဲ့ ရေးဖို့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့သူတွေထဲက အမေလူထုဒေါ်အမာကို
သွားသတိရမိသေး....။

စကားပြောနည်းတွေကို တွေးကြည့်တော့
စကားပြောနည်း ဆယ်မျိုး (တစ်နည်းပြောရရင် စကားကြီး ဆယ်ခွန်းကို) သွားတွေ့တယ်။
နောက်ထပ်လဲ စကားပြောနည်းတွေ၊ စကားအမျိုးအစားတွေ ရှိပါသေးတယ်။ ဒါက အခုလတ်တလော သေသေချာချာ
မှတ်မိနေတာကို ပြောပြတာပါ။
အဲဒါတွေကတော့

ရေကူးညာတင် စကားပြောနည်း
- စကားပြောရာမှာ အခြေအနေ၊ အချိန်အခါကိုတွက်ပြီးတော့ ပိုပိုသာသာပြောတာမျိုး (ကတိပေးစကားပြောရင် အသုံးဝင်ပါသတဲ့)

ကောက်ပင်ရိတ်လှီး စကားပြောနည်း
- စကားပြောရာမှာ တစ်ဖက်သားရဲ့စကားကို မိမိရရမှတ်ထားပြီးတော့ ကိုယ့်အလှည့်မှာ အနိုင်ပိုင်းပြီးပြောတာမျိုး (ဒါက မဲဆွယ်တဲ့နေရာတွေ၊ စကားရည်လုပွဲတွေမှာ အသုံးဝင်သတဲ့)

ရေစီးဖောင်ဆန် စကားပြောနည်း
- စကားပြောရာမှာ လိုချင်တဲ့အချက်ကိုရောက်ဖို့ ဥပမာတွေ၊သာဓကတွေနဲ့ တဖြည်းဖြည်း ကိုယ့်ဘက်ပါလာအောင်ပြောတာမျိုး (နိုင်ထက်စီးနင်း ပြောလာတဲ့အခါမျိုးမှာ ပြန်ပြောဖို့ အသုံးဝင်သတဲ့)

အိုးတန်ဆန်ခပ် စကားပြောနည်း
- စကားပြောရာမှာ ကိုယ့်အခြေအနေကိုသုံးသပ်ပြီး ပြောနိုင်သလောက်ပဲ ချင့်ချိန်ပြောတာမျိုး (အပြောနဲ့အလုပ် ညီညွတ်ဖို့ ပြောဆိုကတိပေးရာမှာ အသုံးဝင်သတဲ့)

ဆီပွတ်ကျည်ပွေ့ စကားပြောနည်း
- စကားပြောရာမှာ စွဲစွဲမြဲမြဲ မှတ်သားမိအောင် ထပ်ကာထပ်ကာ ပြောတာမျိုး (သြဝါဒတွေ ဆုံးမစကားတွေ ပြောဆိုရာမှာ အသုံးဝင်ပါသတဲ့)

ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း
- စကားပြောရာမှာ ကိုယ့်ကို ထိခိုက်စေမယ့် စကားလုံးတွေကိုရှောင်ပြီး ပြောချင်တဲ့အဓိပ္ပာယ်ကို ရောက်အောင်ပြောတာမျိုး (သွယ်ဝိုက်ပြောတာမျိုး၊ အကြောင်းပြချက် ပေးတဲ့အချိန်မျိုး၊ ဆင်ခြေပေးတဲ့ အချိန်မျိုးမှာ အသုံးဝင်ပါသတဲ့)

တောင်သူယာခုတ် စကားပြောနည်း
- စကားပြောရာမှာ စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခုနဲ့ အစပြုပြီး ပြောချင်တဲ့အချက်ကို လေးလေးနက်နက် ထိထိမိမိ ပြောတာမျိုး ပုံပြင်ပြောတဲ့အခါတွေ၊ သမိုင်းဆိုင်ရာအချက်အလက်တွေကို ရှင်းပြတဲ့ နေရာမှာ အသုံးဝင်ပါသတဲ့)

ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း
- စကားပြောရာမှာ တစ်ပါးသူပြောတာတွေကို သည်းခံနားထောင်နေပြီး ကိုယ့်အလှည့်ရောက်မှ အပေါ်စီးကနေ အပိုင်ပြောတာမျိုး (ငြင်းခုန်တဲ့နေရာမှာ၊ စကားနိုင်လုတဲ့အခါမျိုးမှာ သုံးသင့်ပါသတဲ့)

ရေစစ်ကရား စကားပြောနည်း
- စကားပြောရာမှာ တစ်ပါးသူပြောတာကို သေချာဖမ်းဆုပ်ပြီး မငြင်းနိုင်အောင်လို့ ခိုင်လုံတဲ့အကြောင်းအရာတွေနဲ့ အပိုင်ပြောတာမျိုး (သူ့စကားနဲ့ သူ့ပြန်ချည်တဲ့ နေရာမျိုးမှာ အသုံးဝင်ပါသတဲ့။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သလိုပေါ့)

ခက်တင်မောင်းနင်း စကားပြောနည်း
- စကားပြောရာမှာ မတင်မကျ မရေမရာ ပြောတာမျိုး (တစ်ဖက်သားက ပြောတဲ့အချက်ကို သူကိုယ်တိုင် ပြန်စဉ်းစားဝေဖန်ဖို့ ပြောတဲ့နေရာမျိုးမှာ သုံးပါသတဲ့)

စကားနဲ့ ပတ်သက်ရင် ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ စကားခြောက်မျိုးကိုလဲ ပြောပြချင်သေးတယ်။
မဟုတ်မမှန်၊ အကျိုးမရှိ၊ သူတစ်ပါးလည်း မနှစ်သက်တဲ့ စကား
ဟုတ်မှန်ပြီး၊ အကျိုးမရှိ၊ သူတစ်ပါး မနှစ်သက်တဲ့စကား
ဟုတ်မှန်၊ အကျိုးရှိပြီး သူတစ်ပါး မနှစ်သက်တဲ့စကား
မဟုတ်မမှန်၊ အကျိုးမရှိဘဲ သူတစ်ပါး နှစ်သက်တဲ့စကား
ဟုတ်မှန်ပြီး အကျိုးမရှိ သူတစ်ပါး နှစ်သက်တဲ့စကား
ဟုတ်မှန် အကျိုးရှိပြီး သူတစ်ပါး နှစ်သက်တဲ့စကား ဆိုပြီး ဟောခဲ့ပါတယ်။
အဲဒီအထဲကမှ
စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကိုပယ် နှစ်ခွန်းတွယ် လို့ ဟောခဲ့တယ်။
ဟုတ်မှန် အကျိုးရှိ သူနာလိုတဲ့ စကားနဲ့ ဟုတ်မှန် အကျိုးရှိပြီး သူမနာလိုတဲ့စကားနှစ်ခွန်းကိုသာ ပြောသင့်ကြောင်း ပြဆိုခဲ့ပါတယ်။
စကားအကြောင်းကို တွေးရင်းနဲ့ အမျှင်မပြတ် ဖြစ်သွားတဲ့ အတွေးစတွေပါ။
စကားနဲ့ ပတ်သက်ပြီး နောက်ထပ် အဆိုအမိန့်၊ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒါတွေက အခု ဦးမာဃ
လတ်တလော မှတ်သားမိ၊ စွဲမြဲနေမိတဲ့ စကားပြောဆိုပုံတွေပေါ့။
အဆုံးသတ် အနေနဲ့ စကားနဲ့ ပတ်သက်တဲ့ စာလေးတစ်ပိုဒ်နဲ့ အဆုံးသတ်ချင်ပါတယ်။
စကားသစ္စာ တည်သောခါဝယ်
သြဇာလေးနက် ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏။
ကျန်တဲ့ စကားပြောနည်းတွေ စကားနဲ့ပတ်သက်တဲ့ ဆိုရိုးတွေကို သိချင်မိပါသေးတယ်။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

0 comments :

Post a Comment