Monday, April 8, 2013

သင်္ကြန်အက

Leave a Comment
သင်္ကြန်နား နီးလာတော့ သင်္ကြန်နဲ့ပတ်သက်တာလေးတစ်ခုခု ရေးချင်စိတ်ပေါ်လာတယ်။

ရေးမယ် ဆိုပြန်တော့ ရေးစရာအကြောင်းအရာက ရှာမတွေ့။



ဘယ်တွေ့မလဲ အတွေ့အကြုံက နည်းသလို ဖြစ်နေတာကိုး

ဒါပေမင့် အဲဒီလို ရှာလိုက်တာ တစ်ခုတော့ သွားတွေ့တယ်။

သင်္ကြန် အက အကြောင်းပါ။



မန္တလေးဟာ အရင်ကတည်းက ယဉ်ကျေးမှုမြို့တော်လို့ ခေါ်ခဲ့ကြတယ်။

မြန်မာရှင်ဘုရင် နောက်ဆုံး နန်းစိုက်သွားတဲ့မြို့မို့ နန်းမူနန်းရာတွေ ယဉ်ကျေးမှု အငွေ့အသက်တွေ ကျန်ကောင်းကျန်ရာ ကျန်သင့်သလောက် ကျန်ခဲ့တာကိုး။

ကျော်ကြားတဲ့ အနုပညာသည်တွေလဲ ပေါ်ထွက်ခဲ့ကြတယ်။

အခုအချိန်ထိလဲ ယဉ်ကျေးမှုနဲ့ပတ်သက်ရင် စံတစ်ခု ရှိနေဆဲပဲ။

ဟို အရင်ခေတ်တွေတုန်းက မန္တလေးမြို့ပတ်လည်မှာ ရေပက်အသင်းတွေနဲ့ သင်္ကြန်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ဖူးပါတယ်။ စတင်ခဲ့တာကတော့ နဂါးဆေးလိပ်က နဂါးရေသဘင်လို့ အမေလူထုဒေါ်အမာ ရေးတာ ဖတ်ရဖူးပါတယ်။ ရေပက်ခံကားတွေနဲ့ လှည့်လည်တာကတော့ မြို့မက အရင် စခဲ့သပေါ့။

ရေပက်အသင်းတွေ ရေပက်မဏ္ဍပ်တွေမှာ တွဲပါလာတာတွေကတော့ ဧည့်ခံအကလို့ ခေါ်ရမယ့် သင်္ကြန်အကပေါ့။

မန္တလေးဟာ ယဉ်ကျေးမှုမြို့တော် ဆိုတဲ့အတိုင်း မန်းသူ အတော်များများဟာ အခြေခံတော့ ကတတ်ကြပါတယ် (အခုခေတ်မှာတော့ မသိတော့ဘူးနော်)

သင်္ကြန်အက ဆိုတာဟာ အဲဒီ မိန်းကလေးတွေထဲကမှ အကကောင်းသူတွေကို စုပြီးတော့ ယိမ်းအက တိုက်စေလို့ ဧည့်ခံ ကပြကြတာပါ။

မန္တလေးမှာက သဘင်ပညာသည်တွေလဲ ပေါများတာကြောင့် အကတိုက်ရာမှာလဲ ပညာသည်တွေကို ဖိတ်ခေါ်လို့ သင်ကြားစေ၊ ကစေတာပါ။

သူ့ရဲ့အစကိုတော့ အမေလူထုဒေါ်အမာက ဒီလိုလေး ရေးထားပါတယ်။ အနှစ်သာရ ပျက်မှာစိုးလို့ ရေးတဲ့အတိုင်းပဲ ပြန်ရေးပြမနော်။



“အဲဒီလို မြို့မက အလြှပကားနဲ့ ရေပက်ခံတာ စပြီးတဲ့နောက် ရေပက်တဲ့မိန်းကလေးတွေ ကလာပုံကို အမေမှတ်မိသမျှ ပြောရရင်-

မြို့မရေပက်ခံကား ရေပက်သူတွေရှေ့ရပ်ပြီး တီးပြတဲ့အခါ ကတတ်တဲ့လူရှိရင် ကပါလို့ သူတို့ကလည်း တောင်းဆိုတယ်။ ဘေးက ပွဲကြည့်ပရိသတ်ကလည်း ပြောကြတယ်။ ဒါကြောင့် နည်းနည်းပါးပါး ကတတ်တယ်ထင်တဲ့ ရေပက်သူမိန်းကလေး တစ်ယောက်ယောက်က ရှက်ကိုးရှက်ကန်းနဲ့ ကားဘေးထွက်လာတယ်။ နောက်တော့ တစ်ယောက်ထဲကတာ ကြောင်လို့ နှစ်ယောက်သုံးယောက် ထွက်လာတယ်။ ရပ်ကနေရင်းနဲ့ မြို့မကားကို လှည့်ပတ်ပြီး ကလာတယ်။

ဒီလိုနဲ့ ရေပက်သူ မိန်းကလေးတွေက ကတာ စတာပါပဲ။ နောက်တော့ ယိမ်းသဘောမျိုးအထိ တိုးတက်လာပါတယ်။”




ဒါတွေကတော့ သိသလောက် စာတွေ့ သင်္ကြန်အကအကြောင်းပေါ့။

ငယ်စဉ်ကတည်းက ရုပ်မြင်သံကြားက သင်္ကြန် အဆိုအကတွေလာတိုင်း အဒေါ်တွေ၊ ဘွားအေတွေ ပြောတဲ့စကားတွေနဲဲ့ စိတ်ထဲမှာ စွဲထင်နေတာကတော့ သင်္ကြန်အကမှာ မန္တလေးနဲ့ ရန်ကုန်နဲ့ အက မတူတဲ့အကြောင်းပါပဲ။

တကယ်လဲ သေသေချာချာ ကြည့်မိတဲ့အခါမှာ အတော် ကွဲတာကို သွားလို့ တွေ့ပါတယ်။

ဘာကြောင့် အဲဒီလို ကွဲပြားရသလဲ စဉ်းစားကြည့်တော့ မင်းသမီးအကမှာကတည်းက မန္တလေးနဲ့ ရန်ကုန် ကွာခြားခဲ့တာကြောင့် ဆိုတာ သွားတွေ့တယ်။

ဘယ်လိုကွာသလဲဆိုတာလေးကို ဒီလိုလေးပြောမယ်



 မန္တလေးမှ မင်းသမီးများသည် မထွေးလေးတို့၊ ရုပ်သေးမင်းသမီး ဆရာပု၏ မင်းသမီးရုပ်တို့၏ မိန်းမကကို တတ်နိုင်သလောက် အတုခိုးပြီး က လေ့ရှိကြသည်။ ရန်ကုန်အငြိမ့်မင်းသမီးများမှာကား ယောက်ျားမင်းသားတွေ မိန်းမမင်းသားတွေက သင်ပြလွှတ်လိုက်သည်ဖြစ်၍ ရန်ကုန်အငြိမ့်မင်းသမီးကသည် မင်းသမီးက မဟုတ်ဘဲ မင်းသားကတွေက များနေပါသည်။ အခုန်အပေါက်တွေက အလွန်များသည်။ အဆစ်ကလည်း စိပ်သည်။



မန္တလေး ပွဲကြည့်ပရိသတ်၏ မျက်စိထဲ၌ ရန်ကုန်မှ မင်းသမီးတွေ ကသည်ကို ကြည့်ရသည်မှာ ကြမ်းသည်ဟု မြင်သည်။ ယောက်ျားဘသား ဟူ၍ လေးခင်းပြတော့မည့်နှယ် ရှိသည်ဟုထင်သည်။ အင်မတန်ကြီး ကြိုးစားပမ်းစားနှင့် ကရှာကြသော်လည်း မျက်စိထဲ၌ ခုန်လား ပေါက်လားတွေ များနေသောကြောင့် ကြည့်မစွဲဘဲ ဖြစ်နေတတ်ပါသည်။

မန္တလေးမှ မင်းသမီးကောင်းတွေ ကသည့်အကမှာ ငြိမ့်ငြိမ့်ညောင်းညောင်းနှင့် လိှုင်းစီးရသလို ခံစားရ၍ အနုပညာ ပီသည်၊ အကညက် အကလှသည်ဟု မြင်ပါသည်။ ရန်ကုန်အကမှာ ဇိုးဇိုးဇတ်ဇတ် ဗြိုးဗြိုးဗြတ်ဗြတ် နိုင်လှသည်။ မန္တလေးအကမှာ ညက်ညက်ညောညော ယဉ်ယဉ်ကျေးကျေး ရှိသည်ဟုလည်း မန္တလေးက ထင်ကြသည်။





မန္တလေးပန်တျာနဲ့ ရန်ကုန်ပန်တျာမင်းသမီးက မှာ အများဆုံး ခြားနားတာကတော့ ဒူးထားပုံချင်း ကွာမှုပဲ။ မန္တလေး သြဘာသောင်းတပည့်တွေက ဒူးစုတယ်၊ ရန်ကုန် ပန်တျာထွက်တွေက ဒူးကားတယ်။



သင်္ကြန်အကဟာ ဒီ မင်းသမီးက တွေလောက်တော့ အနု မစိတ်ဘူးပေါ့။ ဒါပေမင့် အဲဒီလို ကွာခြားချက်လေးတွေကြောင့် မန္တလေးနဲ့ ရန်ကုန်ဟာ သေချာကြည့်ရင် ကွဲပြားသွားတယ်။

အကဆိုတာ “ခေါင်း၊ ခါး၊ ခြေ၊ လက် ဤလေးချက်” ရဲ့ လှုပ်ရှားမှုကို ဂီတသံနဲ့ လိုက်ဖက်အောင် လှုပ်ရှားသွားတာသာ ဖြစ်ပါတယ်။ ခန္တာကိုယ်အနေအထား ဘယ်လောက်ပဲ မလှဘူးပြောနေပါစေ အဲဒီလေးချက်ကို အချက်ကျကျ ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနိုင်ရင် ကတဲ့သူဟာ လှနေပါတယ်။

လူပြိန်းအမြင်၊ ကြည့်ရှုသူအမြင်နဲ့ ပြောရရင် သင်္ကြန်အကမှာ ရန်ကုန်အကတွေရဲ့ သိသာမှုက တင်ပါးကို အလွန်အကျွံ ကော့ထားပြီး ကတာပါ။

အဲဒီတစ်ချက်ကို ကြည့်ရုံနဲ့တင် သာမန်လူက ဒါဟာ ရန်ကုန်အကလား မန္တလေးအကလားဆိုတာကို ခွဲခြားနိုင်ပါတယ်။

သေသေချာချာ ခွဲခြားဖို့အတွက် မန္တလေးအကကို ရှာဖြွေကည့်ရှုချင်ရင်တော့ သင်္ကြန်မိုး ဇာတ်ကားဟာ အပြည့်စုံဆုံးပါ။ ရန်ကုန်အကအတွက်တော့ ရုပ်မြင်သံကြားက ပြသနေတဲ့ အက တော်တော်များများဟာ ရန်ကုန်အကပါ။

ပြောရမယ်ဆိုရင် ခါးထက် တင်ကို ပိုလို့ ဦးစားပေးတဲ့ သဘောမှာ ကွာတာပေါ့။

ဒီနေ့ခေတ်မှာ သင်္ကြန်အကတွေကို ရှာဖွေရင်တော့ အတော်ကို ရှာယူရပါလိမ့်မယ်။ ပြိုင်ပွဲဝင် မဏ္ဍပ်တွေမှာသာ တွေ့နိုင်တဲ့အရာတွေမို့ပါ။

ကွယ်ပျောက်လု ဖြစ်နေတယ်လို့ ပြောရအောင်ကလဲ အကြိုနေ့တိုင်း အတာသင်္ကြန်ဖွင့်ပွဲအဖြစ် ကျောင်းပေါင်းစုံက စုပေါင်းလို့ ကပြနေကြတာဆိုတော့ ကွယ်ပျောက်လုလုတော့ မဖြစ်သေးပါဘူး။ အတွေ့အမြင်ကတော့ နည်းသွားပါပြီ။

သင်္ကြန်ဟာလဲ တဖြည်းဖြည်းနဲ့ အိုင်တီ အီကော်နော်မီသင်္ကြန် ဖြစ်နေတာ ကြာပကိုး။
[caption width="350" align="aligncenter"] မြို့မနဲ့ နဂါးမဏ္ဍပ် (ဝင်းဦးပါ ပါသလားမသိ)
source: gg.yangon.jp[/caption]

##########################################

ဒါကတော့ ကျွန်တော့်ရဲ့ သင်္ကြန်အက ဆန်းစစ်ချက်ကလေးပါပဲ။

ဝါသနာရှင် အဆင့်ရဲ့အောက် ကြည့်ရှုသူ အဆင့်ကနေ ရေးထားတာမို့ ကွဲလွဲတဲ့ မှားတဲ့ အချက်ကလေးတွေလဲ ရှိပါလိမ့်မယ်။

တစ်ချိန်က ကျော်ကြားခဲ့တဲ့ သင်္ကြန်အကကို သတိတရအနေနဲ့ ရေးတာ ဖြစ်ပါတယ်။

ဒီအထဲက စာသားတွေ၊ အကိုးအကားတွေအတွက်ကိုတော့

အမေ လူထုဒေါ်အမာရဲ့

အမေ့ရှေးစကား (ပထမနဲ့ ဒုတိယတွဲ) ပြည်သူချစ်သော အနုပညာသည်များ၊ အငြိမ့် စတဲ့စာအုပ်တွေကနေ ထုတ်နုတ် တင်ပြတာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

0 comments :

Post a Comment