Friday, August 2, 2013

ကိုရီးယားဇာတ်လမ်းတွဲတွေက ရတဲ့ အတွေး

Leave a Comment
ခေါင်းစဉ်ကို ဖတ်ပြီး ဦးမာဃ ဘာတွေများ ကို့လို့ကန့်လန့် တွေးပြန်ပါလိမ့်လို့ တွေးမိနေကြမယ် ထင်ပါတယ်။
ဘာမှတော့ မဟုတ်ပါဘူးဗျာ မျက်စိရှေ့မှာ ရောက်လာတတ်တဲ့၊ ပုံမှန်လိုလို တွေ့နေတတ်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို သူလိုကိုယ်လိုပဲ ကြည့်ရှုရင်း မြင်မိတဲ့ တွေ့မိတဲ့ အတွေးလေးတွေကို ချ ပြ မလို့ပါ။



ဒီဇာတ်လမ်းတွဲတွေက တကူးတက ကြည့်နေတာတော့ တကယ် မဟုတ်ရပါဘူးရယ်။ ဦးမာဃ အဲလောက်လဲ စွဲစွဲမြဲမြဲ မရှိတတ်ပါဘူး
အများစု ပြောသလိုပဲ ဒီ ဇာတ်လမ်းတွဲတွေကလဲ ကောင်းတာလဲရှိ ဆိုးတာလဲရှိ ပေါ့လေ။
တစ်ခါတစ်ခါ ကျပြန်ရင်လဲ ဦးမာဃတို့ ယဉ်ကျေးမှုနဲ့ မကိုက်တာတွေလဲ ပါလာတတ်သေးသကိုး
ဒါပေသိ သူတို့ ယဉ်ကျေးမှုကို ရိုက်ကူးပြသတာ ဆိုတော့လဲအပြစ်တော့ ဆိုလို့မရဘူးပေါ့လေ။
ဘာတွေ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူတို့တတွေကိုတော့ ဦးမာဃ တကယ် ချီးကျူးမိပါတယ်။
အနုပညာကို အဓိကထားပြီး သူတို့ တိုင်းပြည်ရဲ့ နှစ်သက်ဖွယ်တွေ၊ စားသောက်ကုန်တွေ၊ ယဉ်ကျေးမှုတွေကို မားကတ်တင်း ဆင်းသွားလိုက်ကြတာ တကယ် ချီးကျူးဖို့ ကောင်းသဗျ။
တစ်နေ့ကပဲ သူငယ်ချင်းတစ်ယောက်က မှတ်ချက်ချသွားသေးတယ်။
ကိုရီးယားတွေ ဇာတ်လမ်းတွဲတွေထဲမှာ သူတို့ရဲ့ အစားအသောက်တွေကို မကောင်းဘူး၊ ညံ့တယ်လို့ ပြောတာတွေ လုံးဝ မပါဘူး တဲ့။
ဒါ သူ ပြောတာကို ပြန်ပြောပြတာပါ။
ဦးမာဃ ကြည့်မိသလောက် သိသလောက်လဲ တကယ်ပဲ မပါဘူးဗျ။
ဒါကတော့ သူတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်ကြောင့်လို့ပဲ ပြောရမယ်ထင့်။

ကဲပါလေ
လေရှည်နေတာ လိုရင်းကို မရောက်တော့့ဘူး
ပြောလက်စလေး ပြန်ဆက်ရအောင်
သူတို့ဆီက မသင့်တော်တဲ့ အရာတွေကို ခဏ ကျော်ပြီး အတုယူသင့်တာလေးတွေ၊ အတုယူသင့်တယ်လို့ တွေးမိတဲ့ အရာကလေးတွေကိုပဲ ပြောကြပါစို့
ဒီပို့စ်ကလဲ အဲဒီအကြောင်းလေးတွေ ပြောဖို့ပဲကိုး။

အဆိုးတွေထဲက အကောင်းကို ထုတ်နှုတ်ရမယ် ဆိုရင်ဖြင့်
သူတို့ရဲ့ အနုပညာကို အရင်ဆုံး ချီးကျူးချင်မိတယ်။
ဘာကြောင့်လဲဆိုတော့ ဒီ လူမှုပတ်ဝန်းကျင်ကိုပဲ စိတ်ဝင်စားအောင် ဆွဲဆောင်လို့ အပိုင်းများစွာ ဆွဲခေါ်သွားနိုင်ကြတယ်လေ။
ဒီလိုပြောလို့ မြန်မာတွေဘက်က ပြန်တွေးပြီး ညံ့တယ်လို့ ပြောချင်တာတော့ မဟုတ်ဘူးပေါ့။
ဒါပေမင့် အတော်များများကိုတော့ သဘောမကျသေးတာ အမှန်ပဲဗျ။
ဘာကြောင့်လဲဆိုတော့ ဦးမာဃတို့တတွေက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်၊ နိုင်ငံတကာ အဆင့်မီအောင် ကြိုးစားရာမှာ နားလည်မှု လွဲနေကြတယ်လို့ မြင်မိလို့ပါ။
အကုန်လုံးကိုတော့ မပြောလိုပါဘူး အနည်းစုကို အဓိက ပြောချင်တာပါ။
ဒါကြောင့်မို့ သူတို့ရဲ့ အနုပညာကို အတုယူစရာအဖြစ် မြင်မိ တွေးမိပါတယ်။
နောက်ထပ် အမှတ်ထင်ထင် ရှိနေတာကတော့ သူတို့ရဲ့ တာဝန်သိမှုပေါ့။
တကယ်တမ်းတော့ ဒီနေရာမှာ ဂျပန်က ပိုလို့ သာတယ်လို့ ပြောနိုင်ပေမင့် ကိုရီးယားအကြောင်း ပြောတာဖြစ်လို့ ဒါကလေးကိုလဲ ထည့်ပြောဖြစ်တာပါ။

ကြည့်မိတိုင်းမှာ ယှဉ်တွေးမိတတ်တာမို့ အခုလဲ ဦးမာဃတို့ဆီနဲ့ ယှဉ်လို့ ပြောမနော်။
တာဝန်သိမှုအပိုင်းမှာ ဦးမာဃတို့ဟာ အတော်လေးကို အားနည်းနေကြသလို အားမလိုအားမရဖြစ်မိတာ မကြာခဏပါပဲ (ကိုယ်တိုင်လဲ တစ်ခါတစ်လေ ပါမိပါရဲ့)
ဟို အရင်အချိန်တွေ အရင်ခေတ်တွေထက် အခုလက်ရှိမှာ ပိုလို့ အားနည်းတယ်ပဲ ပြောရမလား။
ကိုယ့်ရှေ့မှာ တစ်ခုခု အမြင်မတော်တာ တွေ့ရင်တောင် မျက်နှာလွှဲလို့ သွားလက်စနေရာကို ဆက်သွားတဲ့ မြင်ကွင်းတွေကို ပိုလို့ တွေ့လာရတယ်။
တိုးတက်မှုထဲက ဆုတ်ယုတ်မှုလို့ပဲ ပြောချင်မိတော့တယ်။
ဟိုအရင်ခေတ်တွေတုန်းက ဦးမာဃတို့ ဘိုးအေ ဘွားအေတွေဟာ ပတ်ဝန်းကျင်ကို ကူညီတဲ့၊ ပရဟိတစိတ် ပိုရှိတဲ့၊ တာဝန် ပိုသိတတ်တဲ့ သူတွေ ဖြစ်ခဲ့ကြပါတယ်။
အခုခေတ်မတော့ ဒီစိတ်ဓာတ်တွေ ပိုလို့ နည်းသွားသလိုပဲ။
အတော်များများက ပြည်သူတစ်ယောက် လိုက်နာရမယ့် အခြေခံ ကျင့်ဝတ်တွေကို မေ့ပစ်ထားကြတယ်။
အဲ အခြေခံ ရပိုင်ခွင့်တွေကိုလဲ အပြည့်အဝ မရသေးလို့ အစိုးရကို အတုံ့အလှည့်အနေနဲ့ ပညာပြတာလားတော့ မပြောတတ်ဖူးပေါ့။
ဒါကြောင့် ဒီလို တာဝန်သိမှု၊ ဥပဒေ လိုက်နာမှု၊ ပရဟိတစိတ် ရှိမှု တွေကိုလဲ အနည်းငယ် အတုယူမိပါတယ်။
ဥပဒေအကြောင်းပြောလို့ သူတို့တတွေ ဆီက အတုယူစရာ တစ်ခု ထပ်ထွက်လာပြန်တယ်။
ဘယ် ဇာတ်လမ်းတွဲကိုပဲ ကြည့်ကြည့် ကားမောင်းတယ်ဆိုတာနဲ့ ထိုင်ခုံခါးပတ် ပတ်ပြီးသားရယ်။
ဦးမာဃတို့ ဆီမတော့ အဲဒီအရာက အသုံးမလိုတဲ့ ပစ္စည်း ကျနေတာပဲ ပတ်တဲ့သူကို မတွေ့ဘူး။
အဲဒါလေးကလဲ သူတို့ဆီက အတုယူစရာ တစ်ခုလို့ ဦးမာဃ မြင်မိ တွေးမိပါတယ်ခင်ဗျာ။

နောက်ထပ် တစ်ခုကတော့
ဦးမာဃ ရုပ်ရှင်တွေ ကြည့်တိုင်း၊ ဇာတ်လမ်းတွဲတွေ ကြည့်မိတိုင်းမှာ မြင်မိတဲ့ အရာလေးပါ။
သူတို့တတွေ ကလေးသူငယ်တွေကို အရမ်းကို ဂရုစိုက်ကြတယ်။
ကလေးပြုစု ပျိုးထောင်ရာမှာလဲ ဝါယမစိုက်လို့ ကလေး ပျော်အောင်၊ စာသင်ချင်အောင် လုပ်ဆောင်သွားကြတာကို တွေ့ ရတယ်။
ကလေးငယ်တွေအတွက် အစီအစဉ်တွေ၊ ကလေးနဲ့ မိဘ၊ ကလေးနဲ့ဆရာကြား ဆက်ဆံမှုတွေကိုလဲ အထူး ဂရုစိုက်လို့ ဆက်ဆံပေးကြတာကို အမြဲ တွေ့ရတယ်။
ကလေးရဲ့ စိတ်မှာ ဒဏ်ရာ ရသွားမှာ၊ ကလေး အတုယူ မှားသွားမယ့် အပြုအမူတွေ လုပ်မိမှာကို အတော်လေးကို ဂရုုစိုက်လို့ ရှောင်ကြတယ်။
အဲဒါလေးတွေကို မြင်မိရင် ဦးမာဃတို့ရဲ့ မျိုးဆက်လေးတွေကို ပြုစုပျိုးထောင်ပုံတွေနဲ့ ယှဉ်လို့ အတုယူသင့်တယ်လို့ မှတ်သားမိတာ အခါခါပါ။
ဒီအချက် ကလေးတွေကတော့ ဦးမာဃ ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြည့်မိ မြင်မိတိုင်း တွေးမိတဲ့ ထွက်လာတတ်တဲ့ အချက်တွေပါပဲ။
အကောင်းနဲ့ အဆိုး ဒွန်တွဲလို့ ပြသတာ ဖြစ်ပေမင့် ပယ်သင့်တာပယ်လို့ အလယ်က အနှစ်ကို ထုတ်ကာ ယူတတ်ရင်ဖြင့် အရာရာတိုင်းဟာ မှတ်သားစရာ တွေးတောစရာတွေပဲ ဖြစ်နေတတ်တာကို သတိပေးရင်း ဒါလောက်နဲ့ပဲ ဦးမာဃရဲဲ့ မဖြစ်ညစ်ကျယ် ပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ်။

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

0 comments :

Post a Comment