Friday, June 14, 2013

မိုးသည်းထဲမှာ….

Leave a Comment
အပြင်မှာ မိုးတွေက သည်းသည်းမည်းမည်း ရွာနေသည်။
အိမ်ရှေ့ ဝရန်တာမှာ ကော်ဖီတစ်ခွက်ချပြီး ထိုင် ငေးနေသည်မှာလဲ မိုး စ ရွာကတည်းကပင်။
မိုးက တဖြည်းဖြည်း ပိုလို့ပိုလို့ သည်းလာ၏။

မိုးရွာတိုင်း တစ်စုံတစ်ယောက်ကို သတိရမိတာ ဟိုအရင်ကတည်းက။
မိုးနဲ့ပဲ စတွေ့ပြီး မိုးနဲ့သာ လမ်းခွဲခဲ့ရတာမို့ မိုးရွာတိုင်း သတိရတာ မဆန်းလို့ပင် ဆိုနိုင်သေးသည်။
အခုထိ မမေ့နိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မချင့်မရဲ ဖြစ်နေကျ။
တကယ်ဆိုရင် မေ့သင့်တာ ကြာပြီကိုး။
ထိုင်နေရင်း အတွေးတွေက ထိန်းမနိုင် သိမ်းမရ အတိတ်ကို ပြန်သွားပြန်ချေပြီ။

ဟိုး……………..လွန်ခဲ့တဲ့ မိုးသည်းနေ့လေး တစ်နေ့မှာပေါ့……………..
ညကတည်းက သည်းသည်းမည်းမည်း ရွာနေသည့် မိုးက မနက်လင်းသည့်တိုင် တိတ်ဖို့ အစီအစဉ် ရှိဟန်မတူသေး။
သူ့ကို ရက်ဆက် ကျိန်ဆဲထားလို့ အငြိုးနဲ့ ရွာနေသလားတောင် အောက်မေ့ရသည်။
မန်းသားတွေကလဲ မိုး မရွာရင်သာ ပူတယ်အိုက်တယ် ညည်းတတ်ပေမင့် မိုး သည်းပြန်တော့လဲ အိမ်မှာသာ ကုပ်လို့ နေတတ်သူတွေ…။
အခု မိုးက ညကတည်းက မတိတ်သည်မို့ မနက်ခင်းသာ ရောက်လာသည် လမ်းပေါ်ထွက်သူ နည်းနေဆဲ။
ကိုယ်တိုင်လည်း အိပ်ယာထဲမှာ အေးအေးဆေးဆေး နှပ်ချင်ပေမယ့် ကျောင်းမှာ စာမေးပွဲရှိသည်မို့ မဖြစ်မနေ သွားမှ ဖြစ်မည့် အခြေအနေ။
မိုးကလဲ တိတ်မည့်ပုံက မပေါ်သေး။
မသွားလို့လဲ မဖြစ်သည်မို့ မထချင်ထချင် ထကာ ကျောင်းသွားရန် ပြင်ဆင်ရတော့သည်။

စိတ်ကတော့ သိပ်မပါတာအမှန်။

ကံကောင်းစွာနဲ့ အဲဒီအချိန်မှာ မိုးက စဲသွားသည်။
မိုးစဲတုန်း ကျောင်းကို အပြေးအလွှား ရောက်အောင်သွားရတော့သည်။
ကျောင်းကို ရောက်လို့ စာမေးပွဲဖြေပြီးသောအခါ လူက အပျင်းဓာတ်ကလေး နည်းနည်းဝင်လာသည်။
စ ကတည်းက ကျောင်းကို လာချင်တာမဟုတ်သောကြောင့် ကျောင်းချိန်မပြီးခင် လစ်လေတော့သည်။
မိုးသည်းထဲမှာ အေးအေးဆေးဆေး လမ်းလျှောက်ချင်သောကြောင့် ရှိသမျှ စာအုပ်အားလုံးကို ကျောင်းမှာထားခဲ့ကာ ထီးကလေး လက်မှာဆွဲလို့ လမ်းလျှောက်ပြန်ခဲ့သည်။
အချိန်ကလဲ ရနေသည်မို့ ခြေရှည်ကာ ပိုဝေးသောလမ်းကို ရွေးလို့ အိမ်ပြန်ခဲ့လေသည်။
အဲဒီ အချိန်မှာပဲ………….
သူ့ကို စ တွေ့ခဲ့လေသည်။
လမ်းဘေးက အိမ်တစ်အိမ်မှာ ခုံကလေးကို ဘေးချကာ အေးအေးဆေးဆေး စာဖတ်နေသော မိန်းကလေးကို လမ်းပေါ်မှာ ဟိုကြည့်သည်ကြည့်နှင့် လျှောက်လာသောသူတစ်ယောက် မြင်မိတာ မဆန်းပါ။
ဆန်းသည်က ထို အသား မဖြူမညို ဆံပင် ဂုတ်ဝဲ နှင့် မိန်းကလေးသည် ကျွန်တော့်မျက်စိထဲမှာ ချက်ချင်း စွဲသွားခြင်း ဖြစ်ပေသည်။
သူကတော့ သိဟန်မတူ စာသာ ငုံ့ကာ ဖတ်နေ၏။
သည် သကောင့်သားကတော့ ထိုအိမ်ကို အသေအချာမှတ်ကာ နောက်ရက်မှစ၍ စုံစမ်းရေး ဆင်းလေတော့သည်။
ထို မိုးသည်းနေ့ကလေးသည်ကား ကဗျာမဆန်၊ ဘာမဆန်နှင့် သူ့ကို စတွေ့သောနေ့ရက်အဖြစ် မှတ်တမ်း ဝင်သွားလေတော့သည်။

ထိုသို့ဖြင့်...

မိုးရာသီ တစ်လ ကုန်လေသောအခါ သူငယ်ချင်းအဆင့်သို့ ရောက်ရှိသွားလေသည်။ (တစ်လ ကြာတာတောင် သူငယ်ချင်းပဲ ရှိသေးတာတော့ သည်အကောင် လက်နှေးတယ် ပြောရမည်)
သူ့အကြောင်းလေးတွေကိုလဲ တဖြည်းဖြည်း သိရှိ၊ မှတ်သားကာ စကားပြောဖက်၊ ငြင်းဖော်ငြင်းဖက် တစ်ယောက် တိုးလာလေတော့သည်။
တိုက်ဆိုင်စွာ
သူသည်လဲ စာအုပ်တွေကြား ခေါင်းထိုးကာ ပတ်ဝန်းကျင်ကို မေ့နေတတ်သူ၊ တစ်ခါတစ်ရံ အဖော်ကောင်းပါက အနည်းငယ် ပေါတောတောဆန်သည့် အပြုအမူများကို လုပ်တတ်သူ ဖြစ်နေလေသည်။

များမကြာမီ...
စာအုပ်တွေ အလဲအလှယ်လုပ်ဖတ်ရင်း…………..စရင်း၊ နောက်ရင်းဖြင့်
နောက်တစ်ဆင့်သို့ အောင်မြင်စွာ တက်လှမ်းရောက်ရှိ သွားပါလေတော့သည်။
ထိုအဆင့်သို့ ရောက်ရှိရန် နည်းဗျူဟာ သုံးမျိုး အသုံးပြုလိုက်ရလေ၏။
ချစ်သူဘဝ ရောက်လာသည့်အခါဝယ် သူများတွေနှင့် မတူသည်ကတော့ ဆုံကြသည့်၊ သွားကြသည့် နေရာတွေက စာအုပ်ဆိုင်များနှင့် စာကြည့်တိုက်များ ဖြစ်နေခြင်းပင်။
မိုးစက်များကြားမှာ ချစ်သူဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် တစ်နှစ်တင်းတင်း ပြည့်ခဲ့လေသည်။
ချစ်သူဘဝဝယ် ထပ်ကာ သိလာရသည်ကတော့ သူသည် အနည်းငယ် ကလေးဆန်သည် ဆိုသည့်အချက်ပင်။
ထိုအချက်ကပင် အလွမ်းများစွာကို ယူဆောင်လာမည် ဆိုသည်ကိုတော့ ထိုစဉ်က စိုးစဉ်းမျှ မသိခဲ့ပေ။
တကယ်တမ်း ကွဲကြတော့လဲ ဘာမှမဟုတ်သည့် အချက်ကလေးသာ…………..
အချစ်…ဆိုသည်ကို အဓိပ္ပာယ် ဖွင့်ကြရာမှ ကွဲလွဲလာသော အချက်ကလေး တစ်ချက်က နှစ်ယောက်လုံးအတွက် အဖုအထစ် ဖြစ်စေခဲ့လေသည်။
အဓိက အမှားကား…………………
ကလေးဆန်သူ သူ့ကို အလျှော့မပေးဘဲ ခေါင်းမာမာနှင့် ခံငြင်းမိခြင်းသာ ဖြစ်ပေတော့သည်။
ထိုအချက်ဖြင့်ပင် မည်သို့မှ ညှိမရဘဲ ညောင်ညိုပင်လမ်းမှာ ခွဲခွာရလေတော့သည်။
မှတ်မှတ်ရရ
ထိုနေ့က မိုးရွာသည်။
သည်းသည်းမည်းမည်း ရွာလေသည်။
ထို့အတွက်....

ကျွန်ုပ် ဒုတိယအကြိမ် မိုးသည်းထဲ လမ်းလျှောက်မိပြန်လေတော့သည်...
.
.
.
.
.
.
.
.
“ဟဲ့ ဟိုအကောင် ဒါလောက် ညနက်နေပြီကို အဲဒီမှာ ဘာထိုင်လုပ်နေလဲဟင်၊ တစ်ညလုံး သွေးလှူချင်လို့လား”
ထိုအခါမှ ပတ်ဝန်းကျင်ကို သတိပြန်ဝင်လာမိတော့၏။
မိုးကား တိတ်လို့ နေချေပြီ
အချိန်လည်း လင့်နေပြီမို့ အိပ်ယာထဲဝင်ကာ အိပ်စက်ခြင်းအမှု စတင်ပြုလိုက်လေတော့သည်……………….




လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

*************************************

ရေးတုန်းကတော့ drama ပဲ (ခုလည်း drama ပဲ ထားပါတော့... 😆😆😆😆😆)

0 comments :

Post a Comment