Saturday, May 4, 2013

သုံးတတ်လျှင် ဆေးဖြစ်ပါသတဲ့

Leave a Comment


အခုတစ်လောမှာ အစိုးရပိုင်းက အပြောင်းအလဲတွေ အတော်များများကို တွေ့လာရတယ်။

အပြောင်းအလဲ ဆိုရာမှာ ကောင်းတဲ့ဘက်ကို ပြောင်းတာတွေ့ရသလို အဆိုးဘက်ကို တစ်ခါတစ်လေရောက်သွားတာတွေကိုလဲ တွေ့ရပါတယ်။



အကောင်းဘက်က အပြောင်းအလဲပဲ ဖြစ်ဖြစ် အဆိုးဘက်က အပြောင်းအလဲပဲဖြစ်ဖြစ် အကုန်လုံးကို ပြည်သူတွေ(အတော်များများ) က အချိန်နဲ့ တစ်ပြေးညီ သိနေရပါပြီ။



ဒီနေ့ခေတ်မှာ သတင်းစာ နေ့စဉ်ဖတ်မှ၊ ဂျာနယ် အပတ်စဉ်ယူမှ သတင်းတွေကို သိရတာ မဟုတ်တော့ပါဘူး

တိုးတက်လာတဲ့ လူမှုရေးဝက်ဘ်ဆိုက်တွေ၊ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနေတဲ့ သတင်းဌာနတွေ၊ရေဒီယိုတွေ ကြောင့် သတင်းအတော်များများကို သိနေကြပါပြီ။

ဒီအခြေအနေမျိုးဟာ နိုင်ငံအတော်များများမှာ တွေ့နေရပေမယ့် မြန်မာနိုင်ငံမှာတော့ ဖြစ်လာတာ သိပ်မကြာသေးပါဘူး။ တစ်နှစ်၊တစ်နှစ်ကျော်ကျော်ဝန်းကျင်ပဲ ရှိပါသေးတယ်။

မြန်မာနိုင်ငံမှာ လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်တဲ့ facebook ကို လူတွေ ပိုသုံးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ အုပ်ချုပ်မှုစနစ်တွေ၊ သတင်းတင်ပြပုံတွေ ဝေဖန်ချက်တွေဟာ အခုဆိုရင် အချိန်မဆိုင်းဘဲ တွေ့မြင်နေရပါပြီ။

ထွက်သမျှ ဂျာနယ်တွေကလဲ facebook ပေါ်မှာ fan page တွေ ကိုယ်စီဆောက်လို့ သတင်းတွေကို တင်ပြလာတာတွေလဲ တွေ့ရတယ်။

အစိုးရဘက်ကလဲ ပြောရေးဆိုခွင့်ရှိသူတွေက facebook page မှာပဲ တင်ပြချက်တွေ ဆွေးနွေးချက်တွေကို တင်လာကြတာတွေ ရှိပါတယ်။

ထို့အတူပဲ facebook ပေါ်မှာတင် ရုံးထိုင်နေကြတဲ့ သတင်းဌာန အများအပြားကလဲ သုံးသပ်ချက်တွေ ပေါ်ထွက်လာတတ်ပါသေးတယ်။

အဲဒီတော့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ တစ်ခုခု အံအားသင့်စရာတွေ လုပ်ပြလိုက်တာနဲ့ သတင်းဝေဖန်ချက်၊ ထင်မြင်ချက်တွေဟာ facebook ပေါ်မှာ ပလူပျံသွားတတ်ပါတယ်။

ဒါကိုကြည့်ရင် သတင်းလွပ်လပ်ခွင့်တွေဟာ အင်တာနက်ပေါ်မှာ ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိလာတယ်ဆိုတာ သိနိုင်တယ်။

ပွင့်လင်းမြင်သာမှု ရှိလာတာနဲ့အမျှ နာမည်ကျော်တွေရဲ့ အတွင်းရေးသတင်းတွေလဲ ထွက်လာတတ်သလို သတင်းမှားတွေလဲ ထွက်လာတတ်ပါတယ်။

ထွက်လာသမျှ သတင်းတွေကို ဝေဖန်ချက်တွေ ထိုင်ရေး၊ သုံးသပ်ချက်တွေ ထုတ်လာကြတာကတော့ ပြည်သူတွေပါပဲ။ တက်လာတဲ့သတင်းအပေါ်မှာ မူတည်လို့ comment ပေးကာ မှတ်ချက်ပြုတာတွေဟာ တစ်ခါတစ်လေမှာ မှတ်သားစဖွယ်တွေတောင် ပါတတ်ကြသေးတယ်။

သတင်းတစ်ခု မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သတင်းထူးနေတယ်ဆိုရင် share လုပ်လို့ နီးစပ်သူတွေဆီကို ဖြန့်ဝေလာကြပါတယ်။ ဖြန့်ဝေရုံတင်မကဘူး တစ်ခါတစ်လေ ကိုယ့်ထင်မြင်ချက်လေးပါ ထည့်ပေးလိုက်ကြတတ်သေးတယ်။

အင်းပေါ့လေ သတင်းခေတ် ဆိုတော့လဲ အချိန်နဲ့တစ်ပြေးညီ လုပ်ရပေမပေါ့။

အဲဒီမှာ ဘာတွေဖြစ်လာသလဲဆိုတော့ တစ်ခါတစ်လေမှာ သတင်းမှားတွေ အလကားသက်သက် နာမည်ကြီးသွားတတ်သလို ၊ ဝေဖန်တာ လက်လွန်သွားရင်လဲ လွှတ်တော်ထိတောင် တက်သွားတတ်ပါလေရော။

ဒီမိုကရေစီစနစ်ကို ကူးပြောင်းတာ နှစ်နှစ်ခန့်ပဲ ရှိသေးတာကြောင့် အရင်အစိုးရလက်ထက်က အကျင့်တွေမပျောက်သေးတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ဝန်ကြီးတွေရဲ့ ဒေါမာန်ပါတဲ့ စေတနာစကားတွေဟာလဲ facebook ပေါ် ရောက်သွားတတ်ပြီး မကျေနပ်မှုတွေ ဖြစ်လာတတ်သေးတယ်။

ပြောရရင် မြန်မာနိုင်ငံအတွက်တော့ facebook ဟာ သတင်းအစုံလင်ဆုံးနေရာတစ်ခု ဖြစ်နေပါတယ်။

မိုဘိုင်းဖုန်းတွေကို အင်တာနက်လိုင်း ချပေးလိုက်တဲ့အခါမှာ လူတိုင်းနီးပါး အင်တာနက်သုံးဖို့ အဆင်ပြေသွားကြတယ်။

အဲဒီ ဖုန်းနဲ့ အင်တာနက် သုံးတဲ့သူတွေကလဲ google search သာ မသုံးရင်နေမယ် facebook account တော့ လူတိုင်းနီးပါး ရှိကြသဗျ။

အဲဒီတော့ သတင်းတစ်ခု အင်တာနက်မှာ ပျံ့ပြီဆိုတာနဲ့ ပြည်သူလူထုရဲ့ ဝေဖန်သုံးသပ်ချက်တွေကို အချိန်မဆိုင်း သိလာရတတ်တယ်။

ဒီအချက်ကို အခြေခံပြီးတော့ ပြည်သူတွေဆီက အသံတွေကို ကြားရနိုင်သလို၊ ပြည်သူတွေကို အသိပေးချင်ရင်လဲ ပိုပြီး လွယ်ကူလာတယ်။

တစ်ဖက်က ကြည့်ပြန်ရင်လဲ ပြည်သူတွေကို လံှု့ဆော်သွေးထိုးပေးဖို့ အရမ်းလွယ်တဲ့ အနေအထားကို ရောက်နေပြန်တယ်။

ဒီလိုအချိန်မျိုးမှာ အစိုးရပိုင်းက ပြောရေးဆိုခွင့်ရှိသူတွေအနေနဲ့ ကိုယ့်စကားကိုယ် တာဝန်ယူလို့ ပညာသားပါပါ ပါးပါးနပ်နပ် ပြောကြားသင့်သလို သတင်းထုတ်ပြန်ရေးဘက်ကလဲ အချိန်နဲ့တစ်ပြေးညီ ပြန်လည်ဖြေရှင်းပါမှ မဖြစ်သင့်တာတွေ ဖြစ်မလာအောင် တားဆီးနိုင်မယ်လို့တွေးမိပါတယ်။

ဘာကြောင့်လဲ ဆိုတော့ သတင်းတစ်ခု၊ အပြုအမူတစ်ခုဟာ လူထုအုံကြွမှုတွေ၊ စစ်ပွဲတွေအထိတောင် ရောက်သွားတတ်လို့ပါပဲ။

အဲဒါကြောင့် တွေးမိတာကတော့

facebook ဟာ တကယ်လို့ အကျိုးရှိရှိသာ အသုံးချမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုပါလိမ့်မယ်။

ဒီလိုမဟုတ်ဘဲ စနစ်ဟောင်းကအတိုင်းသာ သူများအပေါ်ကို အပြစ်လွှဲလို့ ကိုယ်က ခေါင်းရှောင်နေကြမယ်ဆိုရင်တော့ နောက်ကြောင်းတောင် ပြန်လှည့်သွားနိုင်မလား မသိတာမို့

ကြည့်ကျက်သာ စခန်းသွားကြပေတော့လို့သာ ပြောပါရစေတော့။



&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

တစ်ခါတစ်လေမှာ ခေါင်းထဲကို ဖြတ်ဝင်လာတဲ့့ အတွေးစလေးတွေကို ချရေးကြည့်မိတာပါ။ အပ်ကြောင်းထပ်နေတဲ့ အကြောင်းအရာတွေ ဖြစ်နေရင်လဲ တောင်းပန်ပါတယ်  လို့။



လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

0 comments :

Post a Comment