ဗထူးကွင်း ဘောလုံးပွဲများတွင် အလွန်ဆဲနေကြသည်ဟု မိတ်ဆွေများက ပြောကြသည်။ ခဏခဏပင် ပြောကြသည်။
ကျွန်တော် ဘောလုံးပွဲသို့ မရောက်သည်မှာ တော်တော်ပင်ကြာပြီ။ ထို့ကြောင့် ဘောလုံးပွဲအကြောင်း ဘာမှမသိ။ သို့ရာတွင် ဘောလုံးပွဲတွင် ဆဲကြသည်၊ အလွန်ပဲ ဆဲနေကြသည် ဆိုသောသတင်းကို ကြားရသောအခါ အများကြီး စိတ်မကောင်းဖြစ်မိသည်၊ ဝမ်းနည်းမိသည်။
၁၉၄၇-၄၈၊ ၄၉-၅၀၊ ၅၁-၅၂ ခုနှစ်လောက်ထိ ယခင်က ယူဘီအေကွင်းဟုခေါ်သော ဗထူးကစားကွင်းတွင် ကျွန်တော်တို့တတွေ လူကြီးလုပ်ပြီး ဘောလုံးပွဲများ ကျင်းပခဲ့ကြသည်။ စစ်ပြီးကာစပွဲများ၌ ဆဲကြပါသည်။ ရန်ဖြစ်ချင်ကြပါသည်။
သို့ရာတွင် နောင်တော့ မဆဲကြတော့ပါ။ တစ်ယောက်တစ်လေ၏ အသံကြောင့် ဆဲသံများပင် ထွက်ပေါ်၍မလာပါ။ ရန်ခိုက်ဒေါသလည်း မဖြစ်ကြပါ။
ထို့ကြောင့် သမ္မတကြီး ဒေါက်တာဘဦး ကြုံ၍ ဘောလုံးပွဲလာကြည့်သည့်အခါ၌လည်းကောင်း၊ အခြား ပုဂ္ဂိုလ်ကြီးတွေ လာကြည့်ကြသည့်အခါလည်းကောင်း ကျွန်တော်တို့က ကောင်းကောင်း ကြွားလေ့ရှိကြသည်။
ကြွားသည် ဆိုရာ၌လည်း မဏ္ဍပ်တိုင် တက်ကြခြင်းမဟုတ်၊ ကြိတ်၍ ဂုဏ်ယူကြခြင်းဖြစ်သည်။
ထိုအချိန်က ရန်ကုန်ဘောလုံးပွဲများတွင် အလွန်ဆဲနေကြသည်။ အစိုးရလည်း ဘာမှမတတ်နိုင်။ ဘယ်သူမှလည်း ဘာမှမတတ်နိုင်။
ထို့ကြောင့် သမ္မတနှင့် ရန်ကုန်က လူကြီးများလာလျှင် ကျွန်တော်တို့ဘောလုံးပွဲများကို အံ့သြနေကြသည်။ ရပ်ဝေးမိတ်ဆွေအချို့က ခင်ဗျားတို့ ဘောလုံးပွဲတွေက “ဆဲလည်း မဆဲပါလား” ဟု ဆိုကြသည်။
“ဆဲစေချင်လို့လား” ဟု ရင်းနှီးသောမိတ်ဆွေများကို ပြန်၍မေးသောအခါ ထိုမိတ်ဆွေများက ” မဟုတ်ပါဘူးဗျာ သဘောကျလွန်းလို့ပါ ” ဟု ပြန်ပြောကြသည်။
မော်လမြိုင်က လာသောဧည့်သည်၊ ပုသိမ်က လာသောဧည့်သည်များကလည်း “ဆဲသံမကြားသော ဘောပွဲကို မန္တလေးရောက်မှပဲ တွေ့ရတော့တယ်” ဟု ထုတ်၍ ပြောဆိုကြသည်။
တစ်ဦးနှစ်ဦးကမူ “မန္တလေးမှာမို့လို့ ဒီလိုဖြစ်နိုင်တာပါပဲဗျာ” ဟု ဆိုကြသည်။
“မန္တလေးကတော့ မြန်မာ့ယဉ်ကျေးမှု စုရာနေရာကိုး၊ ဒါကြောင့်ဒီလိုယဉ်ကျေးကြတာပဲ” ဟု အချို့က ဆိုကြသည်။
“ထီးနန်းအရိပ်၊ ရှေးမြန်မာ့ယဉ်ကျေးမှုအပြင် ဗုဒ္ဓသာသနာ ထွန်းကားတဲ့မြို့၊ တရားတော်အဆုံးအမ ခံယူနေကြတဲ့လူတွေကိုးဗျ” ဟု ဆိုသူများက ဆိုလိုက်ကြသေးသည်။
ပွဲကြည့်ပရိသတ်သည် အိမ်တွင် ဆဲချင်ဆဲမည်၊ အရပ်ထဲတွင် ဆဲချင်ဆဲမည်၊ ဘောလုံးပွဲတွင်မူ တစ်ခွန်းမှမဆဲ၊ ယောင်လို့မှမဆဲ၊ ‘ငါ’ ပင် မတိုင်းတော့။
အိမ်က ငါးပါးသီလ ယူလာကြလျှင်ပင် ဤမျှ စောင့်စည်းကောင်းမှ စောင့်စည်းကြမည်။ ဘောလုံးပွဲထဲသို့ ရောက်သောအခါ တစ်ယောက်ကိုတစ်ယောက် အကဲကြည့်ပြီး ဘယ်သူမှ မဆဲသောကြောင့် ယောင်ပြီး ဆဲတတ်သူကလည်း မိမိနှုတ်ကို မိမိ သတိထားပြီး ထိန်းသည်။
ဤသတင်းကောင်းများသည် စိတ်ကူးယဉ်ပြီး လုပ်ကြံ၍ ရေးနေသည်များမဟုတ်၊ နှစ်၊ လ ဘာမှ မကြာသေး၍ မှတ်မိသူတွေ အများကြီး ရှိကြပေသေးသည်။
တစ်ခါက ဘောလုံးပွဲကြည့်သော ပရိသတ်ကို ကျွန်တော်ပြောပြသည်။
“ကျွန်တော်ငယ်ငယ်က ရန်ကုန်ဘီအေအေကစားကွင်း (ယခု အောင်ဆန်းကစားကွင်း) မှာ ထိုအခါက ပထမတန်းအသင်းတစ်သင်း ဖြစ်နေတဲ့ ရန်ကုန်မြူနီစီပယ်အသင်းကနေပြီး ကစားဖူးတယ်။ ကျွန်တော်က တရုတ်နှင့် နည်းနည်းတူလို့ ‘ခွေးမသားတရုတ်ကိုချ’ ဟု အော်သံများ နားထဲ တိုးတိုးဝင်လာတယ်။ အိမ်ကဆွေမျိုးတွေလည်း သူတို့ဆဲလို့ အားလုံးပဲကုန်ကြပြီ (ရယ်ကြသည်)။ ”
“ကျွန်တော်က လက်ဝဲအတွင်းလူအဖြစ် ကစားတယ်။ တစ်ခါတစ်လေ ကျွန်တော် ဂိုးသွင်းလို့ ဝင်သွားတဲ့အခါ ပရိသတ်ထဲက ‘ဒါမှ ငါ့သားကွ’ ဟု အားရပါးရ သြဘာပေးသံများ ကြားရတယ်။ ဂိုးသွင်းရာတွင် အပြင်ထွက်သွားတဲ့အခါများမှာတော့ အိမ်ကဆွေမျိုးတွေ ကုန်ပြန်ပြီ။ ဘယ်ဘက်ကမှ မသက်သာဘူး။ ”
“တစ်ခါ သတင်းစာလုပ်ငန်းဘက်လုပ်၊ နိုင်ငံရေးဘက် စိတ်ထက်သန်လာတော့ အပေါင်းအသင်းဖြစ်တဲ့ ပန်းချီဆရာကြီး ဦးဘစိန်နဲ့ မိတ်ဆွေများက ‘ လာ ကိုလှ၊ ဇာတိသွေး ဇာတိမာန် သွားတင်ရအောင်’ ဆိုပြီး ဘောလုံးပွဲအသွား ကျွန်တော့်ကို ဝင်ခေါ်လေ့ရှိကြပါတယ်။”
“ထိုအခါက ဗြိတိသျှ လက်အောက်ဖြစ်တော့ ဂျမခန်နာ ကလပ်အသင်းက အင်္ဂလိပ်မျက်နှာဖြူ၊ အထက်တန်းအရာရှိကြီးတွေ ကစားကြတာကိုး။ သူတို့အသင်းက တော်တော်ကောင်းတယ်။ ကျွန်တော်တို့အလုပ်က ‘ချဟဲ့’ တို့ ဘာတို့အပြင် ဒီ မျက်နှာဖြူတွေကို အားရပါးရ ဆဲကြရတာကိုး။ နယ်ချဲ့သမားတွေ အုပ်စိုးနေတာကို မကြိုက်လို့ အပြင်မှာ ဆဲရင် အဖမ်းခံရမှာသေချာတယ်။ တမတ်ပေးပြီး ဘောလုံးပွဲထဲမှာ တစ်နာရီလုံးလုံး ဆဲနိုင်တယ်ပေါ့ဗျာ။”
“အခုတော့ဖြင့် နယ်ချဲ့မျက်နှာဖြူတွေလည်း မရှိကြတော့ပါဘူး။ အားလုံး ကိုယ့်အချင်းချင်းတွေချည်းပဲ။ ဒါကြောင့် မဆဲသင့်ကြတော့ဘူး။”
“မျက်နှာ အပေါ်မော့ပြီး တံတွေးထွေးရင် ကိုယ့်မျက်နှာပေါ် တံတွေးကျသလိုပဲ။ ဆဲတာကလည်း စဉ်းစားကြည့်ရင် မျက်နှာပေါ် တံတွေးထွေးတာလို ဖြစ်နေပါတယ်။”
“ရဲအသင်းကလူတွေကို တချို့က ဆဲချင်ကြတယ်။ နည်းနည်းပါးပါး ဆဲသံပင် ကြားလိုက်မိပါသေးတယ်။ တကယ်ဆိုတော့ သူတို့ ဘယ်သူတွေလဲ၊ ကျွန်တော်တို့ တူတွေ၊ ညီတွေပဲ မဟုတ်လား။ သူတို့တတွေပဲ လူဆိုးသူဆိုးတွေရန်ကို ကာကွယ်ပေးနေကြတာပဲ။ ရွှေကူ၊ စောပြည့်၊ မောင်ညွန့်၊ အေးမောင်၊ သာဒွန်းတို့တစ်တွေဟာ ရန်ကုန်ကအသင်းတွေ လာကစားတော့ ကျွန်တော်တို့ အားကိုးရတဲ့လူငယ်တွေမဟုတ်ဘူးလား။ ‘ချဟဲ့’ ဆိုလို့ တစ်ဖက်က တကယ်ချလိုက်တာနဲ့ သူတို့နာသွားတော့ အထက်မြန်မာပြည် လက်ရွေးစင်၊ မြန်မာပြည်က ဘောလုံးသမားကောင်းတစ်ယောက် နစ်နာသွားမှာ၊ ဆုံးရှုံးသွားမှာပဲမဟုတ်လား။”
“တပ်မတော်အသင်းကနေပြီး ကစားတဲ့ ရဲဘော်တွေ၊ အရာရှိတွေကို ကြည့်ပါဦး။ သူတို့တစ်တွေဟာလည်း ကျွန်တော်တို့ရဲ့ တူတွေ၊ ညီတွေ၊ အစ်ကိုတွေပဲ မဟုတ်လား။ တိုင်းပြည်ရဲ့ လွပ်လပ်ရေးကို ရင်မြေကတုတ် လုပ်ပြီး ကာကွယ်နေကြတဲ့ ရဲဘော်တွေပဲ။ ဆဲရင် ကျွန်တော်တို့အမှားပေါ့။ ”
“အမရပူရ မော်တော်ယာဉ်အသင်း၊ စစ်ကိုင်းအသင်း၊ ကျောက်ဆည်၊ မိတ္ထီလာ အသင်းသားတွေ၊ ဌေးဌေး၊ မောင်အုန်း၊ ဘတင်၊ ဘကြူး၊ လှဘူး၊ လှမောင်တို့ပါတဲ ့မြို့မအသင်း၊ အဲဒီလူငယ်တွေကို တစ်ယောက်စီ ကြည့်ကြပါဦး။ ဘယ်သူ့ကိုများ ဆဲစရာတွေ့ပါသလဲ။ သူတို့တစ်တွေဟာလည်း ကျွန်တော်တို့ အားကိုးရတဲ့ လူတော်ကလေးတွေပဲ။”
“ရမ်းရမ်းကားကားကစားလို့ ဆဲတယ်ဗျာ လို့ တစ်ချိုက ဆိုကြလိမ့်မယ်၊ ရမ်းတဲ့လူကို ဘာဆဲဖို့လိုသလဲ၊ လူထုပရိသတ်ရှေ့မှာ သူတို့အရှက်ကွဲနေပါပြီ။ ဘယ်သူမှာ ဘယ်လိုအကျင့်စာရိတ္တမျိုးရှိတယ်ဆိုတာ ဘောလုံးကစားရာမှာ အပေါ်ဆုံးပေါ့။ ဒိုင်လူကြီးကလည်း သူ့ကို အပြစ်ပေးမှာပဲ။”
“ဒိုင်ညစ်လို့ ဒိုင်ကို ဆဲတာဗျာ” လို့လည်း တချို့က ပြောကြပါလိမ့်မည်။
“ဒိုင်ညစ်ရင်လည်း မဆဲပါနဲ့၊ ဒိုင်ညစ်တယ်ဆိုတာကလည်း လူပုံအလယ်မှာ ညစ်ရတာမို့ သူ့ဘာသာသူ အရှက်ကွဲနေ၊ ဂုဏ်ပျက်နေပါပြီ။”
“တစ်ခါတစ်လေတော့လည်း ဒိုင်က ရိုးရိုးသားသား သူမြင်တဲ့အတိုင်း အဆုံးအဖြစ်ပေးကြတာပဲ၊ ပရိသတ်အမြင်နဲ့ မကိုက်ပဲ ရှိနေတတ်တယ်။”
“ကိုယ်ကြိုက်တဲ့ဘက် အားပေးကြပါ၊ လက်ခုပ်တီးကြပါ၊ ဆဲသာမဆဲပါနဲ့။”
“ကျွန်တော်တို့ မန္တလေးကို မြန်မာ့ယဉ်ကျေးမှု ထွန်းကားသောမြို့မို့ အရပ်ရပ် အနယ်နယ်က လေးလေးစားစားရှိကြတယ်။ အတုခိုးကြတယ်။ ကျွန်တော်တို့က ဆဲနေကြရင် အရှက်ကွဲကြရောပေါ့ဗျာ” စသည်ဖြင့် တင်ပြဆွေးနွေး၊စဉ်းစားစေကာ အဆဲကိုတားနိုင်ခဲ့ပါသည်။ ဘောလုံးကစားသူများ တမင် ကြမ်းကြမ်းရမ်းရမ်းကြီး ကစားသည်မျိုးကိုလည်း တားနိုင်ခဲ့ပါသည်။
ပရိသတ်များသည် မဆဲကြရသော်လည်း ပျော်ကြပါသည်။ အားကစားစိတ်ဓာတ်မြင့်မြင့်နှင့် ကစားသော ဘောလုံးပွဲကောင်းများကို ကြည့်ကြရသောကြောင့် ကျေနပ်ကြသည်။ ပွဲကြည့်ပရိသတ်၌လည်းကောင်း ကစားသူများ၌လည်းကောင်း လောင်းကစားစိတ်ဓာတ်မျိုး မရှိကြပေ။
ထို့ကြောင့် အောက်မြန်မာပြည်အသင်း လာကစားသောအခါ မကြာမကြာ ကျွန်တော်တို့က အနိုင်ကစားလိုက်နိုင်ကြသည်။ နိုင်ငံခြားအသင်းများ လာကစားလျှင်လည်း ကောင်းကောင်း ယှဉ်ပြိုင်နိုင်ကြသည်။ ဘယ်အသင်း လာကစားလာကစား “မန္တလေး ဘောပွဲကြည့်ပရိသတ်က မဆဲဘူး၊ အားပေးရာမှာလည်း မျှတယ်၊ တော်လျှင်တော်သလို ဟိုဘက်ဒီဘက် အားပေးတယ်၊ ရန်ကုန်မှာဒီလိုမဟုတ်ဘူး” စသည်ဖြင့် ပြောကြသည်။ မန္တလေးက ပွဲကြည့်ပရိသတ်၏ အားကစားစိတ်ဓာတ်ကို ထုတ်ဖော် ချီးကျူးသွားကြသည်။ မှတ်တမ်းများတွင် ရေးသွားကြသည်။ ဤကား မန္တလေးမြို့သူမြို့သားများ ရခဲ့သည့် ဂုဏ် ဖြစ်ပါသည်။
ထို့နောက် အုပ်ချုပ်သော ပုဂ္ဂိုလ်များ ရော့ရော့ရဲရဲ နိုင်လာပြီး စည်းကမ်းများ ပျက်လိုက်လာသည်ဟု ကြားရသည်။ ဤသတင်းများကို ရန်ကုန်ထောင်တွင်းမှနေ၍ ကျွန်တော်ကြားရသောအခါ အများကြီး စိတ်မကောင်းဖြစ်မိသည်။
မှန်းတွဲပွဲ လောင်းကစားတစ်မျိုးကို ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီဆရာများ ထွင်လိုက်သောအခါ အများဆဲ၊ တအားဆဲ၊ သောက်ကျိုးနည်း ဆဲကုန်ကြတော့သည်။
ယခုသော် မှန်းတွဲပွဲ၏အမွေဆိုး ‘အဆဲ’ သည် ဗထူးကွင်းတွင် မင်းမူလျက် ရှိနေပေပြီ။
ခွန်အားမွေးပြီး ကျွမ်းကျင်မှုလေ့ကျင့်ကာ အစွမ်းကုန်ယှဉ်ပြိုင်ကြရသည့် အားကစားစိတ်ဓာတ်မွေးမြူရာ ဗထူးကွင်းသည် ယခုသော် အစွမ်းကုန်ဆဲရေးရာဋ္ဌာနကြီး ဖြစ်နေပေပြီ။ ဤသို့ဆိုလျှင် ကျွန်တော်တို့ မန္တလေးမြို့သူမြို့သားများအနေနှင့် အများကြီး အရှုံးပေါ်နေသည်။ ဂုဏ်သိက္ခာ ထိခိုက်နေသည်။
ထို့ကြောင့် ပြုပြင်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း လေးလေးနက်နက် နှိုးဆော်လိုက်ပါသည်။
ဆဲသူများအားလည်း ရပ်တန့်ကြပါရန် မေတ္တာရပ်အပ်ပါသည်။
လူထုဦးလှ
လူထုသတင်းစာ (၂၇.၈.၆၃)
သောင်းပြောင်းထွေလာရေးချင်ရာရာ (ဒုတိယအကြိမ်) စာမျက်နှာ ၃၄၁-၃၄၇။
![]() |
ဘာမှတော့ မပြောတော့ပါဘူး |
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
အခုနောက်ပိုင်းမှာ ဘောလုံးပွဲတွေမှာ ပြဿနာ ဖြစ်တာတွေ ပိုလို့ ကြားလာ မြင်လာရတာရယ်
မကြာမီ အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆီးဂိမ်းမှာ ယဉ်ယဉ်ကျေးကျေး အားပေးမှုကို မြင်ချင်တာရယ်ကြောင့် ဒီစာကို တင်လိုက်တာပါ။
ဟိုတစ်ချိန်က ကျွန်တော်တို့တွေ ဘယ်လို ထိန်းခဲ့ကြတယ်ဆိုတာ သိစေဖို့
နောက် တစ်ချိန်က ဒီလိုတွေ ရှိသေးပါလား ဆိုတာကို မှတ်မိစေချင်လို့ (မီတဲ့သူတွေ ရှိသေးလားတော့ မသိ)
ဒီလို တင်ရခြင်း ဖြစ်ပါကြောင်း
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
0 comments :
Post a Comment