ဒီစာသားကို ကြားမိ တွေ့မိတာ နည်းနည်းတော့ ကြာပြီ။
လူ့အခွင့်အရေး အကြောင်းကို ရှာမိတိုင်း၊ တွေးမိတိုင်း၊ ပြောမိတိုင်းမှာ ဒီအကြောင်းတွေက အမြဲလိုလို ပါတတ်တယ်။
အဲသလို ရှာလိုက်တိုင်း တွေ့မိတာက Four basic Freedom ဆိုတာပါပဲ။
ဘာတွေလဲ ဆိုတော့
Freedom of speech
Freedom from want
Freedom of worship
Freedom from fear တဲ့ (စကားလုံး လွဲချင် လွဲမယ်ထင်ပါတယ် ပြန်မကြည့်ရသေးလို့)
ဖရီးဒင်းမ် ဖရွန် ဖီးယား |
အဲဒီအထဲကနေမှ အသေးစိတ် တွေးမိ၊ ပြောပြချင်မိတာကတော့ အဲ့ဒီ အကြောက်တရားကနေ လွတ်မြောက်ခြင်း (freedom from fear) ပေါ့ဗျာ
ကျွန်တော်တို့တွေ အကြောက်တရား ဆိုတာကို လူလားမမြောက်ခင် ဟိုး လူမမည် ကလေးအရွယ်ကတည်းက စ တွေ့ခဲ့ရတယ်။
ငယ်ငယ်က တစ်ခုခု မလုပ်စေချင်တာရှိရင် လူကြီးသူမများက ကြောက်စရာ လန့်စရာ တစ်ခုခုနဲ့ ခြောက်လေ့ လှန့်လေ့ ရှိတယ်လေ။
ဘာမှမဆိုင်တဲ့ ဒေဝေါကြီးက အစ ဟို အရူးကြီး ဆွဲမယ်ဆိုတာ အဆုံး ကလေးဖမ်းနဲ့ တွေ့မယ်ဆိုတာမျိုးက တစ်ဖုံ နည်းမျိုးစုံနဲ့ ခြောက်ခဲ့ လှန့်ခဲ့ကြတယ်။
အငိုသန်တဲ့ ကလေးများဆို ပိုလို့တောင် ဆိုးသေး
ဘယ်နားသွား ဘာဖြစ် ဘယ်ကိုသွားရင် ဘာဖြစ်မတဲ့ ဆိုတာမျိုးကအစ အမျိုးမျိုး ပြောဆိုခြောက်လှန့်ခဲ့သကိုး
အခုအထိ ကလေးငယ်တွေကို မလုပ်စေချင်တာ မပြောစေချင်တာတွေရှိရင် ခြောက်တဲ့ လှန့်တဲ့ အလေ့အကျင့်က မပျောက်ကြသေးဘူး။
အဲသလိုနဲ့ ကျွန်တော်တို့တွေ လူလားမြောက် ကြီးပြင်းလာတဲ့ အခါမတော့
ကျွန်တော်တို့ တတွေရဲ့ ရင်ထဲမှာ၊ ပတ်ဝန်းကျင်မှာ အကြောက်တရား မျိုးစုံနဲ့ လုံးလည်ချာလည်ရိုက်လို့ လာပါလေရော။
ခပ်ငယ်ငယ် ကလေးဘဝမှာ ဆရာမ ဆူမှာကို ကြောက်ခဲ့တယ်၊ စာမရလို့ အရိုက်ခံရမှာကို ကြောက်ခဲ့တယ်၊ အဆင့်ကျလို့ အိမ်ကဆူမှာကို ကြောက်ခဲ့ရတယ်။
ဒီလိုနဲ့ အဲဒီအရွယ်ကို လွန်မြောက်လို့ လူငယ်ဖြစ်လာတဲ့ အခါမှာ ကျပြန်တော့
ချစ်တဲ့သူ စိတ်ငြိုမှာကို ကြောက်ရ၊ အိမ်က မွေးသဖခင် ဆော်ပလော်တီးမှာကိုကြောက်ရ
ကိုယ့်ရဲ့ လွပ်လပ်ခွင့်တွေ ဆုံးရှုံးမှာကို ကြောက်ရနဲ့ အကြောက်တရားတွေက ဝိုင်းရံထားပြန်ရော
အဲဒီအရွယ် လွန်မြောက်လို့ လုပ်ငန်းခွင် ဝင်ရပြန်တော့လဲ
လုပ်ငန်းခွင်မှာ ပြဿနာကြုံမှာ၊ အထက်လူကြီးနဲ့ အဆင်မပြေမှာ တွေကို ကြောက်ရပြန်တယ်
ကိုယ်ပိုင်လုပ်ငန်း လုပ်ရင်တောင်မှ ဒီလုပ်ငန်း မတိုးတက်မှာ၊ မအောင်မြင်မှာ၊ လုပ်ငန်းတူတွေ တိုက်ခိုက်မှာကို ကြောက်ရတာပဲလေ။
(ဒီလိုအခြေအနေတွေကို အတော်များများကတော့ အကြောက်တရားလို့ မသုံးပါဘူး စိန်ခေါ်မှုတွေလို့ပဲ လက်ခံထားကြတာပါ)
ဒါပေသိ ကျွန်တော်ကတော့ အကြောက်တရားထဲမှာပဲ ထည့်ချင်ပါတယ်၊ ဒီလို ဖြစ်လာမှာတွေကို ကြိုပြီး ရှောင်နိုင်ရှားနိုင်အောင် လုပ်ကြတာပဲမလား။
အဓိက ပြောချင်တဲ့ အကြောင်းကတော့ အကြောက်တရားကနေ ကျွန်တော်တို့တွေ ရှောင်ဖယ်သွားလို့ ရပါတယ်။
ဒါပေမင့် အကြောက်တရား မပါရင် ဒီ လက်တွေ့ဘဝမှာ တိုးတက်နိုင်မလား……
လူ ဆိုတာမျိုးက အပြိုင်ရှိမှ တိုးတက်တယ်လို့ ပြောတတ်ကြတယ်။
ဒါဟာ ကိုယ့်ပြိုင်ဘက် သာသွားမှာစိုးလို့၊ တစ်နည်းပြောရရင် သာသွားမှာကို ကြောက်လို့ ကိုယ်တိုင်ကပါ ကြိုးစားလာတာမလား
လူတစ်ယောက် အောင်မြင်ဖို့၊ တိုးတက်ဖို့မှာ အကြောက်တရားဟာလဲ အရေးပါတယ်လို့ တွေးမိနေပါတယ်
အကြောက်တရားသာမရှိရင် ကျွန်တော်တို့တတွေရဲ့ ကြိုးစားမှုတွေလဲ တဖြည်းဖြည်း အားလျော့ ပျက်ပြယ်သွားမှာက သေချာသလောက် ဖြစ်နေတယ်။
အကြောက်တရား မရှိမှ၊ အကြောက်တရားကို ဖယ်ရှားနိုင်မှ တိုးတက်တဲ့ အရာတွေလဲ မရှိမဟုတ် ရှိပါတယ်။
ပမာ ဆိုရမယ်ဆိုရင် ခေါင်းဆောင်တစ်ယောက်ဟာ ရောက်ရှိလာမယ့် ဝေဖန်မှုတွေ၊ ထိုးနှက်မှုတွေကို ခံနိုင်ရည်ရှိရပါမယ်။ (အင်း ပြောရင်းနဲ့ မကြောက်တရား ဖြစ်တော့မယ် ထင်ပါရဲ့)
ပြောရဲဆိုရဲ ဝေဖန်ရဲမှ၊ ကိုယ်တိုင်ကလဲ အဝေဖန်ခံနိုင်မှ (တစ်နည်းဆိုရရင်) ဝေဖန်မှုတွေကို မကြောက်ပါမှ ကိုယ်လုပ်နေတဲ့အရာ၊ ကိုယ်လျှောက်နေတဲ့လမ်းက မှန်သလား မှားသလား ဆိုတာ သိနိုင်မကိုး
ဒီလိုနေရာမှာတော့ ကြောက်ရွံ့နေလို့ မဖြစ်ဘူးလို့ပဲ ပြောရတော့မယ်ပေါ့
သရုပ်ဆောင်တစ်ယောက်ဟာ ကင်မရာကို ကြောက်နေလို့မရသလို၊ ကျောင်းသားတစ်ယောက်အနေနဲ့လည်း စာမေးပွဲကို ကြောက်နေလို့ မရဘူးမဟုတ်လား။
သို့ပေမင့်
သူတို့တတွေဟာ သရုပ်ဆောင် မကောင်းမှာ၊ အောင်မြင်မှုတွေ မရမှာ၊ စာမေးပွဲ မအောင်မှာကိုတော့ ကြောက်ရမပေါ့။
ဒါတွေကိုမှ သူတို့ မစိုးရိမ်ရင်၊ မကြောက်ရင် အောင်မြင်မှုဆိုတာ ဟိုး အဝေးမှာပဲ ရှိနေတော့မပေါ့
ဒါကြောင့်မို့ ကိုယ့်အတွေးနဲ့ကိုယ် ကောက်ချက် ဆွဲချင်တာကတော့ အကြောက်တရား ဆိုတာ မရှိလဲကောင်း ရှိလဲကောင်း လို့ပဲ ပြောချင်သဗျ။
အကြောက်တရားကို ကျွန်တော်တို့တွေ ဖယ်ရှားလို့ မရသလို အကြောက်တရားတွေနဲ့ပဲ နေထိုင်လို့လဲ မရပြန်ဘူး။
ဘဝမှာ ရည်မှန်းထားတဲ့ မျှော်မှန်းထားတဲ့ အောင်မြင်မှုတွေ ရရှိဖို့ အကြောက်တရားဟာ အဓိကအချက် ဖြစ်နေသလို
ဒီ အကြောက်တရားကို ဖယ်ရှားနိုင်ဖို့ကလဲ အရေးကြီးနေပြန်ပါတယ်။
နောက်ဆုံး နိဂုံးချုပ် အနေနဲ့
ဖတ်ဖူးတဲ့ အကြောင်းအရာကလေးတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။
အင်းဝခေတ်က တောင်ဖီလာ ဆရာတော်ဟာ တောရသီတင်းသုံးနေတဲ့ ရွှေဥမင် ဆရာတော်ဆီ သွားရောက် ဖူးမြော်ပါသတဲ့။
အဲဒီအချိန်က တောင်ဖီလာ ဆရာတော်ဟာ မင်းကိုးကွယ်တဲ့ ဆရာတော်ပါ။ မင်းဆရာ ဆိုတော့ ပစ္စည်းလေးပါးလဲပြည့်စုံ၊ အခြွေအရံကလဲ များသပေါ့။
အဲဒီလို ဆရာတော်နှစ်ပါး တွေ့တဲ့အချိန်မှာ ရွှေဥမင် ဆရာတော်ကတော့ တစ်ပါးတည်း တောရကျောင်းလေးမှာ တရားရှာနေတာမို့
တောင်ဖီလာ ဆရာတော်က တောကြီးမျက်မည်းမှာ တစ်ပါးတည်း သီတင်းသုံးရတာ မကြောက်ဘူးလား လို့ လျှောက်သတဲ့။
အဲဒီအခါ ရွှေဥမင် ဆရာတော်က ကြောက်၍ပင် တစ်ကိုယ်တည်း နေပါသည် လို့ ပြန်ပြောပါသတဲ့။
အဲဒီစကားကို ကြားပြီးတဲ့နောက်မှာတော့ တောင်ဖီလာ ဆရာတော်ဟာလဲ နေပြည်တော် ပြန်ရောက်တဲ့အခါ ရှိသမျှ ကျောင်းကန် ခြွေရံသင်းပင်းတွေကို စွန့်လို့ တစ်ပါးတည်း တောရပ်ခိုမှီး သွားပါတယ်။
ဒါကြောင့် အကြောက်တရားဟာ ရှိသင့်သလား မရှိသင့်ဘူးလား ဆိုတာကို တွေးဆဆင်ခြင်လို့ ဆန်းစစ်ကြပါစို့……။ ။
Meaning of Fear |
(တစ်ခါတစ်ခါမှာ ဟိုဘက်ဒီဘက် လှည့်တွေးရင်း ထွက်လာတဲ့ မတူသောအတွေးကလေးပါ။ ဒီပို့စ်ကို ရေးရင်း ကိုယ်တိုင်ပါ ချာချာလည်သွားလို့ ဝိုင်းကာဝန်းကာ ဆွေးနွေးကြပါဦး လို့)
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
0 comments :
Post a Comment