“အိမ်” ဆိုတဲ့ စကားလုံးလေးဟာ တစ်လုံးတည်းနဲ့ များပြားလှတဲ့ အဓိပ္ပာယ်ကို ဆောင်နေသလိုပဲ။
အိမ်တွေကို အမျိုးအစားခွဲမယ်ဆိုရင် သစ်တစ်ပင် ဝါးတစ်ပင်အောက်ကစလို့ တိုက်ကြီးတာကြီးအလယ် စံအိမ် ရဲတိုက်တွေ အဆုံး အကုန်လုံးကို အိမ် ဆိုတဲ့ အမျိုးအစားထဲမှာ ထည့်နိုင်တယ်။
လူတစ်ယောက် ပိုင်ဆိုင်တဲ့ အိမ်ကိုကြည့်လို့ ဒီလူရဲ့ ပိုင်ဆိုင်မှု အဆင့်အတန်းကို ခန့်မှန်းကြသလို တစ်ချို့ကျပြန်တော့ သူ့ရဲ့အဆင့်အတန်းပေါ်မူတည်လို့ နေထိုင်ဖို့ အိမ်ကို ရွေးခြယ်တတ်ကြတယ်။
ဘယ်လိုပဲ ရွေးခြယ်ကြပါစေ လူအများစုကတော့ နေထိုင်တဲ့အိမ်ကို ကြည့်လို့ အဆင့်အတန်းကို ဆန်းစစ်ကြတာပဲမဟုတ်လား။
ဒီတော့ အိမ်ကို ဂုဏ်တွေ ပကာသနတွေနဲ့ ထုံမွှမ်းထားကြသူတွေကလဲ အများစုပါ။
အိမ်တစ်အိမ်အတွက် သူ့ရဲ့ ပတ်ဝန်းကျင်ဟာလဲ အရေးပါတဲ့ အရာတစ်ခုပါပဲ။
စိတ်ကူးယဉ်ကမ္ဘာထဲက တောအုပ်လေးတွေ ပတ်လည်ဝိုင်းလို့ စိမ်းစိုသာယာတဲ့ ပတ်ဝန်းကျင်ရှိတဲ့ အိမ်ကလေးတစ်လုံးနဲ့ တိုက်တာတွေအလယ်က ကားတဝီဝီ ဖြတ်သန်းနေတဲ့ လမ်းမကြီးရဲ့ ဘေးကအိမ်ကလေးရဲ့ သာယာမှုတော့ မတူနိုင်ဘူးပေါ့။
ဒီ ပတ်ဝန်းကျင်သာယာမှုအပေါ်မှာ မူတည်လို့လဲ အိမ်ရဲ့ အဆင့်အတန်းကို တိုင်းတာတတ်ကြပါသေးတယ်။
နောက်ထပ် တိုင်းတာတဲ့ အဆင့်အတန်း တစ်ခုကတော့ သူနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လမ်းပမ်းဆက်သွယ်ရေးတွေ ဝန်ဆောင်မှုတွေကို ဆန်းစစ်တိုင်းတာခြင်းပါ။
အိမ်တစ်အိမ်ဟာ သွားရေးလာရေး လွယ်ကူရင်ဘဲဖြစ်ဖြစ် လိုအပ်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ပြည့်စုံရင်ဘဲဖြစ်ဖြစ် တန်ဖိုး မြင့်တက်လာနိုင်ပါတယ်။
ဒါကတော့ လူသားတွေ နေထိုင်ဖို့၊ သဘာဝဘေးဒဏ် ကာကွယ်ဖို့၊ လုံခြုံစေဖို့ သတ်မှတ်ကြတဲ့ အိမ်တစ်အိမ်ရဲ့ အဆင့်အတန်းတွေပေါ့လေ။
အများစုက အဲဒီ အဆင့်အတန်းတွေကို ကြည့်လို့ ဒီအိမ်ဟာ နေချင်စဖွယ် ကောင်း၊မကောင်းကို သတ်မှတ်ကြပါတယ်။
အိမ်ရဲ့ အဆင့်အတန်းကို ဒီလို တိုင်းတာကြသူတွေရှိသလို နွေးထွေးကြင်နာမှု၊ မေတ္တာတရား စတာတွေနဲ့ သတ်မှတ်ကြသူတွေကလဲ မနည်းပါဘူး
အပေါ်က ကျွန်တော် စ ပြောခဲ့တဲ့ အရာတွေကတော့ ရွေးချယ်နိုင်တဲ့ အိမ်တစ်အိမ်ရဲ့ အဆင့်အတန်း သတ်မှတ်ချက်တွေလို့ပဲ ပြောရမှာပေါ့။
နောက်ဆုံး ပြောခဲ့တဲ့ အရာကတော့ ရွေးချယ်လို့ မရတဲ့ တစ်နည်းအားဖြင့်ပြောရရင် ငွေကြေးနဲ့ ဝယ်ယူလို့ မရတဲ့ အိမ်ရဲ့ အဆင့်အတန်းလို့ ပြောချင်ပါတယ်။
ကျွန်တော်ကတော့ အိမ်တစ်အိမ်ရဲ့ အဆင့်အတန်းကို အဲဒီက ပြန်ပေးနိုင်တဲ့ နွေးထွေးကြင်နာမှု၊ ယုံကြည်စိတ်ချရမှု၊ လုံခြုံမှု၊ နားလည်ဂရုစိုက်မှုတွေနဲ့သာ တိုင်းတာချင်ပါတယ်။
အိမ်နဲ့တူသော အိမ်ဖြစ်ဖို့ ဒီအချက်တွေနဲ့သာ တိုင်းတာသင့်တယ်လို့ ထင်မိပါတယ်။
တစ်ခုတော့ ရှိတာပေါ့ အဲဒီ နားလည်ဂရုစိုက်မှု၊ နွေးထွေးကြင်နာမှုတွေဟာ အိမ်တစ်အိမ်ကို ဝယ်ယူလိုက်တာနဲ့ ပါဝင်လာမယ့် အရာတွေ မဟုတ်ဘူးလေ။
အဲဒီ အချက်တွေက အိမ်သားတွေရဲ့ စိတ်နေစိတ်ထား၊ တစ်ဦးနဲ့တစ်ဦးအပေါ် ကူညီစောင့်ရှောက် ဖေးမမှုတွေကြောင့်သာ ထွက်ပေါ်လာတဲ့ အရာတွေကိုး။
ဒါပေမင့် တစ်ထစ်ချ ပြောရဲတဲ့ အကြောင်းအရာကတော့ အဲဒီ အချက်တွေသာ ပြည့်စုံမယ်ဆိုရင် အိမ်တစ်အိမ်ဟာ နေချင်စဖွယ်ကောင်းပြီ၊ အိမ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်ပြီ ဆိုတာပါပဲ။
အိမ်တစ်အိမ်ဟာ ဘယ်လောက်ပဲ တန်ဖိုးကြီးမြင့်နေပါစေ အိမ်သားတတွေက လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းလို့ အငြိုးအတေး၊ အာဃာတတွေ ထားနေကြမယ် ဆိုရင်တော့ အဲဒီအိမ်ကို နေချင်စဖွယ်လို့ မသတ်မှတ်ချင်ပါဘူး။ သတ်လဲ မသတ်မှတ်နိုင်ပါဘူး။ အဲဒီလိုအိမ်မျိုးကို အိမ်မဟုတ်သော အိမ်လို့သာ ပြောချင်တော့တယ်။
တကယ်တော့ အဲဒီအိမ်မှာ နေထိုင်တဲ့ အိမ်သူအိမ်သားတွေကသာ အိမ်တစ်အိမ်ရဲ့ အဆင့်အတန်း ကို သတ်မှတ်ကြသူတွေပဲလေ။
အိမ်သူအိမ်သားတွေ အပေါ်မှာ မူတည်လို့ အိမ်တစ်အိမ်ဟာ သာယာပြီးတော့ နေချင်စဖွယ် ဖြစ်နိုင်သလို သူတို့ကြောင့်လဲ အိမ်နဲ့ ဝေးရာကို ထွက်ခွာရတာတွေ ဖြစ်လာနိုင်တယ်လေ။
ဒါကြောင့်မို့ အိမ်တစ်အိမ်ရဲ့ အဓိပ္ပာယ်၊ အဆင့်အတန်း ဆိုတာတွေဟာ နေထိုင်တဲ့ အိမ်သူအိမ်သားတွေ အပေါ်မှာသာ မူတည်တယ်လို့ ပြောချင်မိတယ်။
အိမ်သူအိမ်သားတွေ တစ်ဦးနဲ့တစ်ဦး မေတ္တာ၊ အကြင်နာတွေနဲ့ ဖေးဖေးမမ ကူကူညီညီ ရှိမယ်ဆိုရင် ဘယ်လိုအိမ်မျိုး ဖြစ်နေပါစေ သူတို့အတွက်တော့ သာယာနွေးထွေးမှု၊ ယုံကြည်စိတ်ချမှု၊ လုံခြုံမှုတွေကို ရရှိနေမှာ သေချာပါတယ်။
ပြောရင်းပြောရင်း အိမ်ကနေ မိသားစုဆိုတဲ့ ဘက်ကို နည်းနည်း ရောက်သွားတယ်ထင်တယ်။
အင်းပေါ့လေ အိမ်တစ်အိမ်မှာ အတူတူ နေထိုင်သူတွေကို မိသားစုလို့ အကြမ်းဖျင်း သတ်မှတ်နိုင်သကိုးဗျ။
ကျွန်တော့် အယူအဆ ကတော့ မိသားစုတစ်စု ဖြစ်နေဖို့အတွက် ဆွေမျိုးတော်တယ်၊ မတော်ဘူးဆိုတာက အရေးကြီးတဲ့ နေရာမှာ မပါဘူးလို့ပဲ ပြောချင်မိတယ်။
မိသားစုတစ်စု စတင်ဖြစ်ပေါ်လာဖို့အတွက် သူစိမ်းနှစ်ဦးကပဲ စတင်ခဲ့ရတာမဟုတ်လား။
သာယာလှပတဲ့ မိသားစုဆိုတာ တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ ယုံကြည်မှု တွေနဲ့ တည်ဆောက်ထားတာပါ။
သူတို့သည် ဆွေမျိုးတော်ချင်တော်မယ်၊ မတော်ချင်မတော်ဘူး ဒီအချက်ကတော့ အဲဒီအချိန်မှာ အရေးမပါတော့ဘူးပေါ့။
ဒါကြောင့် ကျွန်တော်သတ်မှတ်ချင်တဲ့ မိသားစုဟာ သွေးသားတော်စပ်မှု ရှိချင်မှ ရှိလိမ့်မယ်။ သူတို့မှာ တစ်ဦးနဲ့တစ်ဦး နားလည်ယုံကြည်မှုရှိတယ်ဆိုရင် အတူတကွ နေထိုင်နိုင်ပြီ။ အဲဒီ မိသားစု နေထိုင်တဲ့ နေရာကိုလဲ အိမ်အဖြစ် သတ်မှတ်နိုင်ပြီ ဆိုတာပါပဲ။
ဒါ့အပြင် အဲဒီအိမ်ဟာလဲ နေချင်စဖွယ် သာယာမှု ရှိမယ်ဆိုတာကို သေချာပေါက် ပြောနိုင်ပါလိမ့်မယ်။
ကျွန်တော်တို့တွေ အိမ်နဲ့တူတဲ့ အိမ်ကလေးတွေမှာ နေထိုင်ကြပါစို့လားဗျာ။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
0 comments :
Post a Comment