ဒီစကားလုံးလေးအကြောင်းကို တွေးမိတာ နည်းနည်းတော့ ကြာပြီ။
သူ့ကို တိုက်ရိုက် အဓိပ္ပာယ်ဖွင့်ရင် တာဝန် သိသူအတွက်သာ တာဝန်ဆိုတာ ဖန်တီးထားသလိုလို၊ တာဝန်မသိသူတွေ၊ တာဝန်ကိုရှောင်လွှဲသူတွေအတွက်တော့ ဘာမှ မဆိုင်သလိုလို ထင်ရတယ်။
တကယ်တမ်း တွေးရင်တော့ တာဝန်သိသူတွေ ရှိမှသာ၊ တာဝန်မဲ့သူတွေ၊ တာဝန်ကို ရှောင်တဲ့သူတွေဟာ အသေအချာ ပေါ်ပေါက်လာမယ်၊ တိတိကျကျ ဖော်ထုတ်နိုင်မယ်လို့ တွေးမိသလိုပဲ။
တာဝန်ဆိုတာဟာ ပေးအပ်လာတဲ့ တာဝန်ရှိသလို ဘယ်သူကမှ တာဝန်မပေးဘဲ မိမိဘာသာ တာဝန်ယူတာလဲ ရှိတတ်ပါတယ်။
ပေးအပ်လာတဲ့ တာဝန်ကို လေးစားစွာနဲ့ ထမ်းဆောင်သူကို ချီးမွမ်းတတ်ကြသလို ဘယ်သူကမှ တာဝန်မပေးဘဲနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် တာဝန်ယူသွားတတ်သူတွေကိုလဲ အလေးထားကြပါတယ်။
တာဝန်ရှိသူ
တာဝန်ရှိသူ ဆိုတာကို တွေ့လိုက်တာနဲ့ ပြေးမြင်တတ်ကြတာက အလုပ်တစ်ခု၊ နေရာတစ်ခုအတွက် စီမံခန့်ခွဲ ကြီးကြပ်ရသူတွေ ဖြစ်နေတတ်ပါတယ်။
ကိုယ်တိုင်ကလဲ အဲဒီလိုနေရာတွေမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိသူ ဖြစ်နေတာကို မေ့နေတတ်ကြတယ်။
ကျွန်တော်တို့အတွက် ကျင်လည်ကျက်စားရာ နယ်ပယ်တွေကိုလိုက်လို့ ထမ်းဆောင်ဖို့ တာဝန်တွေ အသီးသီး ရှိနေတတ်ပါတယ်။
ကျောင်းသူ၊ကျောင်းသားတွေအတွက် ကျောင်းသားတာဝန် ရှိသလို၊ အိမ်ထောင်ရှင်တွေအတွက်လဲ အိမ်ထောင်တာဝန်တွေရှိတယ်။ ပြည်သူတွေအတွက်လဲ ပြည်သူတွေ လိုက်နာရမယ့် တာဝန်တွေ ရှိနေပါတယ်။
ဒီတာဝန်တွေကို လိုက်နာရမယ်၊ လိုက်နာသင့်တယ်လို့ တိတိကျကျ သတ်မှတ်ထားတာရှိသလို သတ်မှတ်စရာမလိုဘဲနဲ့ လုပ်သင့်လို့ ဖြစ်သင့်လို့ လိုက်နာရတဲ့ တာဝန်တွေလဲ ရှိတတ်ပါတယ်။
ဥပမာ ကျောင်းသားတစ်ယောက်ဟာ သူ သင်ကြားရတဲ့ ဘာသာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်ရမယ်။ ဒါဟာ သူ့တာဝန်ဖြစ်တယ်။ ဒါပေမင့် အဲဒီတာဝန်က ဘယ်သူကမှ လာပေးထားတာမဟုတ်ဘူးလေ။ ကျောင်းသား ဖြစ်နေတဲ့အတွက် ဒါ လုပ်ရမယ်ဆိုတာ ဖြစ်လာတာကိုး။
တာဝန်သိသူ
တာဝန်သိသူ ဆိုတာကျတော့ ဘယ်သူကမှ ပေးအပ်ထားခြင်း မရှိပါဘဲနဲ့ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ တာဝန်ယူတတ်တဲ့သူတွေကို ခေါ်ဝေါ်တဲ့စကားလုံးလို့ အကြမ်းဖျဉ်း နားလည်နိုင်ပါတယ်။
တာဝန်ရှိသူဆိုတာဟာ တိတိကျကျ တာဝန်ပေးအပ်ထားတဲ့သူပေမယ့် တာဝန်သိသူကကျတော့ တာဝန်ပေးထားတာ မဟုတ်ဘူးလေ။
တစ်ခုတော့ ရှိတယ်။ အပေါ်က ပြောထားတဲ့ ဘယ်သူကမှ သတ်မှတ်စရာမလိုဘဲ၊ လုပ်သင့်လို့ ဖြစ်သင့်လို့ လိုက်နာရတဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့သူတွေကိုတော့ ဒီစကားလုံးနဲ့ ခေါ်ဝေါ်တတ်ကြတာများတယ်။
ဘာလို့ ဒီလိုခေါ်လဲဆိုတာကို တွေးကြည့်ပြန်တော့ အသေအချာ သတ်မှတ်ထားခြင်းမရှိသော်လည်း လုပ်သင့် လုပ်ထိုက်တာတစ်ခုကို လုပ်ကိုင်ပေးတဲ့အတွက် ဆိုတာ သွားမြင်တယ်။
ဒီနေရာမှာ တစ်ခုဖြတ်ပြောရမယ်ဆိုရင် ဟိုး ငယ်ငယ် မူလတန်းတုန်းက သင်ခဲ့ရတဲ့ စာလေးတစ်ပုဒ်ကို သွားသတိရတယ်။
နာမည်က လူမှုဝန်ထမ်းစိတ်
ဇာတ်ကြောင်း အကျဉ်းက တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်က သူ့တိုင်းပြည်မှာ လူမှုဝန်ထမ်းစိတ်ရှိသူ (တာဝန်သိသူလို့လဲ ပြောနိုင်တာပေါ့) ဘယ်လောက်ရှိသလဲဆိုတာကို စမ်းသပ်ချင်တဲ့အတွက် လူအများ သွားတဲ့လမ်းမှာ သွားလို့ မရလောက်အောင်ကြီးတဲ့ ကျောက်တုံးတစ်တုံးကို ချထားတယ်။
နောက် အဲဒီကျောက်တုံးရဲ့အောက်မှာ ရတနာသေတ္တာလေး ထား ထားတယ်။ ကျောက်တုံးကို ဖယ်နိုင်တဲ့သူအတွက်ပေါ့။
အဲဒီလမ်းမှာ လူတွေ၊ လှည်းတွေ အကုန် သွားကြတယ်။ ဒါပေမယ့် တစ်ယောက်မှ အဲဒီကျောက်တုံးကို ဖယ်ဖို့ စိတ်ကူးမရှိဘူး။ မဖယ်ဘဲနဲ့ သူများတွေကိုသာ ဘာကြောင့် မဖယ်ရပါလိမ့်လို့ပဲ အပြစ်တင်သွားကြတယ်။
အဲဒီကျောက်တုံးကို ဖယ်တဲ့သူကကျတော့ အဲဒီလမ်းကို ပထမဆုံးအကြိမ်ဖြတ်တဲ့ လယ်သမားတစ်ဦးဖြစ်နေတယ်။
အဲဒီလယ်သမားက ကျောက်တုံးကို ဖယ်ရုံတင်မက ကျောက်တုံးအောက်က ရတနာသေတ္တာကိုပါ မြေမှာတွေ့လို့ မင်းဘဏ္ဍာဆိုပြီး သွားအပ်သဗျ။
ဒီမှာတင် ဘုရင်က ဆုလာဘ်တွေပေးပြီး ဂုဏ်ပြုတာ ခံလိုက်ရတယ်။
ဒီဇာတ်လမ်းကို လေ့လာရင် တာဝန်သိသူဟာ တစ်ချိန်တည်းမှာ ရိုးသားသူလဲ ဖြစ်နေတတ်တယ်ဆိုတာ သွားတွေ့တယ်။
တာဝန်သိသူတွေဟာ နယ်ပယ်အသီးသီးမှာ လိုအပ်ပါတယ်။ တာဝန်သိသူတွေမရှိရင် လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့ မပြီးနိုင်ဘူး။
လူသားတိုင်းမှာ တာဝန်ကိုယ်စီ ရှိကြတယ်လေ။ အဲဒီတာဝန်ကို သိတဲ့သူနဲ့ လျစ်လျူရှုထားတဲ့သူ ဆိုတာပဲ ကွဲသွားတာ။
ဆိုတော့ တာဝန်သိသူဆိုတာ လူသားတာဝန်ကို သိရှိပြီး အဲဒီတာဝန်ကို ထမ်းဆောင်သူပါ။
တာဝန် နှင့် ဝတ္တရား
တာဝန်ကို ပြောရင် ဝတ္တရား ဆိုတာပါ တွဲပြီး ပါလာတတ်တယ်။
သူတို့နှစ်ခုက ခွဲမရသလိုကြီးပဲ။
သူတို့ကို တစ်ခုချင်းခွဲပြီး အဓိပ္ပာယ်ဖွင့်ကြည့်လိုက်တော့ တာဝန်ဆိုတာ ပေးအပ်ထားတာဖြစ်ပြီးတော့ ဝတ္တရားဆိုတာ ပေးအပ်ထားခြင်းမရှိဘဲနဲ့ အလိုက်တသိ ပြုမူ လုပ်ကိုင်ခြင်းလို့ ဖွင့်ဆိုမိတယ်။
ဝတ္တရားကို တွေးမိတော့ သူနဲ့ဆက်စပ်ပြီး သားသမီးဝတ်၊ မိဘဝတ်၊ တပည့်ဝတ်၊ ဆရာဝတ် စတာတွေပါ သွားတွေးမိပါရော။
နောက် တွေးမိတာက လူတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ သိက္ခာကိုပါ ဆက်စပ်စဉ်းစားမိတယ်။
ဒါတွေနဲ့ ပေါင်းတော့ ဝတ္တရားက တာဝန်နဲ့ အဓိပ္ပာယ် တူသွားပြန်သလေ။ ကွဲတာကို ရှာကြည့်တော့ အပေါ်ကအတိုင်းလေးသာ သွားတွေ့မိတယ်။
တာဝန်နဲ့ ဝတ္တရားကို ဘယ်လောက်ထိ တွဲသုံးသလဲဆိုရင် နိုင်ငံ့ ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်နေတာကို နှောင့်ယှက်မိရင် ဝတ္တရားနှောင့်ယှက်မှုနဲ့ပဲ တရားစွဲတယ်။ တာဝန်နှောင့်ယှက်မှုလို့ ဘယ်သူမှ မပြောကြ။
အချုပ် ပြန်တွေးတော့ တာဝန်ကို တိတိကျကျ ပေးအပ်တဲ့အချိန်မှာသုံးပြီးတော့ ဝတ္တရားကိုတော့ တာဝန်သိတာကို ဖော်ပြတဲ့နေရာမှာ ပိုသုံးတတ်ကြတယ်လို့ မြင်မိတယ်။
တာဝန်သိသူတွင် တာဝန်ရှိသည်
နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ တာဝန်သိသူတွေ အမြောက်အများ လိုအပ်ပါတယ်။
တာဝန်သိသူတွေက တာဝန်သိသိနဲ့ တိုင်းပြည်ရဲ့ ဟာကွက် ပျော့ကွက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြ ပြောပြမှသာ ပြန်လည်ထိန်းကျောင်း တည့်မတ်လို့ လမ်းမှန်ကို လျှောက်နိုင်မှာပါ။
ထို့အတူပဲ တာဝန်သိသူတွေ အမှန်တကယ် အလုပ် လုပ်ကြပါမှ တာဝန်မဲ့သူ၊ တာဝန်ကို ရှောင်ပြေးသူတွေဟာ ဘွားဘွားကြီး ပေါ်လာမှာပါ။
ဒါ့အပြင် တာဝန်သိသူတွေ များများရှိလေ တာဝန်မဲ့သူတွေ အနေရခက်လေလေဖြစ်တာမို့ သူတို့တစ်တွေလဲ သူတို့တာဝန်ကို ထမ်းဆောင်ဖို့ အသိအမြင်တွေ ၊ အတွေးတွေ ရလာမှာပါ။
ကွန်ပျူတာ နယ်ပယ်မှာ artificial intelligence ဆိုတဲ့ ဘာသာရပ်ကိုသင်ရတော့ သွားတွေ့တဲ့စကားလုံးလေး နှစ်လုံးရှိတယ်။
thinking rationally နဲ့ acting rationally တဲ့
မြန်မာပြန်လိုက်တာတော့ မှန်ကန်တာကို တွေးတောကြံစည်ခြင်းနဲ့ မှန်ကန်တာကို ပြုမူလုပ်ဆောင်ခြင်းပေါ့။
လူသားတိုင်းသာ မှန်မှန်ကန်ကန်တွေး၊ မှန်မှန်ကန်ကန် လုပ်ဆောင်ကြမယ်ဆိုရင် ဒီကမ္ဘာကြီးဟာ သာယာလှပနေမှာပါ။
ဒီလိုဆိုရင် မမှန်မကန် လုပ်ချင်သူ၊ ဖြတ်လမ်းလိုက်ချင်သူတွေအတွက်လဲ နေရာမရှိတော့ဘူး ဖြစ်သွားမယ်။
တကယ်ပါ။ လူတိုင်း တာဝန်သိသိနဲ့ မှန်မှန်ကန်ကန် ပြုမူပြောဆို လုပ်ဆောင်ကြရင် အောင်မြင်မှုကို အလွယ်တကူ ရရှိမှာပါ။
မီးများမီးနိုင် ရေများ ရေနိုင် ဆိုတဲ့ စကားလိုပေါ့။ တာဝန်သိသူတွေ များများရှိလေလေ သာယာလှပတဲ့ လူ့အဖွဲ့အစည်း ဖြစ်လေလေပါ။
တာဝန်သိသူတွင် တာဝန်ရှိပါသတဲ့ဗျာ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
တစ်နေ့က ဟိုတွေးဒီတွေး တွေးရင်း ထွက်လာတာလေးပါ။
မကျွမ်းကျင်တဲ့ နယ်ပယ်ထဲ နည်းနည်း ရောက်သလိုဖြစ်သွားတာရယ်ကြောင့် ဖတ်ရင်း မျက်စိလည်ရင်တော့ ခွှင့်လွှတ်ကြပါ လို့။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
သိကြား က အတော်လေးကိုတော်တာပဲ တာဝန်နဲ့ ၀တ္တရားကိုတခါမှခုလို သေချာမစဉ်းစားမိခဲ့ဘူး :D
ReplyDeleteလူဆိုသည်မှာ တွေးဖို့ အချိန်ရရင် တွေးတတ်တာမို့
ReplyDeleteတွေးရင်းတွေးရင်း ထွက်လာတဲ့အတွေးပါခင်ဗျာ။ :)