နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူနဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိပါတယ်။
ဒီ ယဉ်ကျေးမှု အမွေအနှစ်တွေကို နိုင်ငံတိုင်းကလဲ ထိန်းသိမ်းစောင့်ရှောက်နေကြပါတယ်။
အဲဒီလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ခွဲခြားတဲ့အခါမှာ (Wikipedia အရ) သုံးမျိုးခွဲလို့ ရပါတယ်။
ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ် (ဘုရားပုထိုး၊ ဂူ၊ ကျောင်းတွေ၊ ဝတ်စားဆင်ယင်မှုပုံစံ စတာတွေပေါ့)
စိတ်ပိုင်းဆိုင်ရာ အမွေအနှစ် (စာပေ၊ ဂီတ စတဲ့ အနုပညာတွေ၊ နေ့စဉ်ဘဝမှာ သုံးစွဲနေတဲ့ ဘာသာစကား စတာတွေပေါ့)
နောက်တစ်ခုက သဘာဝအမွေအနှစ် (သူကတော့ နည်းနည်း ကျယ်ပြန့်လာတယ်၊ ဘေးမဲ့တောတွေ၊ နိုင်ငံအတွင်းက သက်ရှိမျိုးစိတ်တွေ၊ သဘာဝအရ ထူးခြားဆန်းကျယ်တဲ့ နေရာတွေ ပါလာတယ်) ဆိုပြီးတော့ပါ။
ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိမ်းသိမ်းရာမှာလဲ ရုပ်ပိုင်းဆိုင်ရာကို တစ်မျိုး၊ စိတ်ပိုင်းဆိုင်ရာ (တခြားစကားလုံး ရှာမရလို့ ဒါပဲသုံးလိုက်တာ) ကို တစ်မျိုး၊ သဘာဝ အမွေအနှစ်တွေကို တစ်မျိုး ဆိုပြီးတော့ နည်းလမ်းတွေ ကွဲပြားသွားတယ်။
ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေဖြစ်တဲ့ ဘုရားပုထိုး၊ စေတီတွေ၊ နန်းတော်၊ရဲတိုက် စတဲ့ အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ သူတို့တွေကို မပျက်စီးအောင် အဓိကထားပြီး စောင့်ရှောက်ရတယ်။
ဒီအဆောက်အအုံတွေဟာ သဘာဝကြောင့်ရော လူသားတွေကြောင့်ပါ ပျက်စီးယိုယွင်းလာတတ်ပါတယ်။
တချို့တချို့သော အမွေအနှစ်တွေကတော့ စနစ်ကြောင့် ဝိသမလောဘတွေကြောင့် ပျက်စီးတတ်ကြပါသေးတယ်။
သဘာဝဘေးဒဏ်ကြောင့် ပျက်စီးရတာတွေအတွက်တော့ ဒီ ဘေးအန္တရာယ်ကို ကာကွယ်ဖို့ စီမံချက်တွေ ရေးဆွဲလို့ ကာကွယ်နိုင်တယ်။
ဒါပေမဲ့ သဘာဝဘေးဒဏ်ဆိုတာက ကာကွယ်လို့သာရတယ် တားဆီးလို့ ရတာမှမဟုတ်တာလေ၊ နောက်ပြီး ဖြစ်လာပြီဆိုရင် အနည်းနဲ့အများတော့ ပျက်စီးတတ်တာမို့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ပြီးရင် ပြန်လည်ထိန်းသိမ်းဖို့ ကိုလဲ အစီအစဉ် ဆွဲလို့ ကာကွယ်နိုင်ပါတယ်။
လူသားတွေကြောင့် ပျက်စီးယိုယွင်းတာတွေကိုတော့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်လို့ လူထုကို သိအောင်ပြောပြရင် အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။
ဒီ ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကို ပြောပြနေတဲ့ အရာတွေပါ။ ကောင်းမွန်တဲ့ နည်းစနစ်တွေနဲ့သာ ထိန်းသိမ်းနိုင်ခဲ့ရင် နိုင်ငံရဲ့ စီးပွားရေးကိုလဲ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်ပါတယ်။
ဒုတိယ စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်ကို ဘယ်လိုထိန်းသိမ်းကြမလဲ
စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်ဟာ လူမျိုးတစ်စု၊ နိုင်ငံတစ်ခုရဲ့ စာပေ၊ဂီတ၊ ဘာသာစကား စတာတွေလို့ ပြောခဲ့ပါပြီ။
ဒါကိုကြည့်ရင် စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေနဲ့လဲ သွားပြီးတော့ ဆက်စပ်နေတာ ကို သိနိုင်ပါတယ်။
ဒါကြောင့်စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေဟာ တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုဖို့ ခက်သလို ထိန်းသိမ်းစောင့်ရှောက်ရတာလဲ ခက်ခဲပါတယ်။
ဘာလို့လဲဆိုတော့ သူတို့ကို ရုပ်ပိုင်းဆိုင်ရာတွေလို အသေအချာ မမြင်ရတော့ ဘယ်လောက်ထိ ယိုယွင်းပျက်စီးနေတယ်ဆိုတာလဲ မသိတော့ဘူး၊ ဘယ်လောက် အတိုင်းအတာထိ ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာလဲ မသိတော့ဘူးလေ။
အဲဒီ အချက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေဟာ ပိုပြီးတော့ ပျောက်ကွယ်ပျက်သုဉ်းနေတာကိုတွေ့ရပါတယ်။
ဥပမာ ပြောပြရရင် မြန်မာ့ယဉ်ကျေးမှုမှာ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနား ဆိုတဲ့ ဆောင်ပုဒ်လေး ရှိပါတယ်။
လူငယ်လူရွယ်တွေကအစ လူကြီးသူမတွေအထိ ပေါင်းသင်းဆက်ဆံရာမှာ ဘယ်လိုဆက်ဆံရမလဲဆိုတာကို နည်းပေးလမ်းပြ လုပ်ပေးထားတဲ့ ဆောင်ပုဒ်လေးပါ။
ဒါပေမဲ့ အခု အဲဒီဆောင်ပုဒ်အတိုင်း ကျင့်ကြံကြရဲ့လား ဆိုတာကိုတော့ အထူးတလည် ပြောနေစရာ မလိုဘူးလို့ထင်ပါတယ်။
အဲဒီလိုပြောလို့ ဆရာတပည့်၊ သားအဖတတွေ သူငယ်ချင်းပေါင်း ပေါင်းနေကြတာတွေကို လက်ညိှုးထိုးပြချင် ပြပါလိမ့်မယ်။
အဲဒါတွေအတွက် ပြောရမယ်ဆိုရင် အပြောအဆိုကို ကြည့်တာနဲ့ အရိုအသေတန်သွားတဲ့ပုံပေါ်ပေမယ့် သူတို့တတွေမှာ အထင်ကြီးလေးစားမှု တန်ဖိုးထားမှုတော့ ရှိသေးတယ်လို့ ပြန်ပြောချင်ပါတယ်။
အဲဒီလိုပြန်ဖြေပေမဲ့ မိဘနဲ့ သားသမီး ၊ ဆရာနဲ့ တပည့် နင်ပဲငဆ နှုတ်လှန်ထိုးလို့ ရန်ပွဲတွေ အကြိမ်ကြိမ် နွှဲနေကြတာတွေကိုတော့ အပေါ်က ပြန်ဖြေတဲ့အထဲကို မထည့်ပါဘူး။
ဒါတွေကိုတော့ ယဉ်ကျေးမှု ပျက်စီးခြင်းလို့ပဲ မြင်မိပါတယ်။ အချိန်မီသာ မပြင်ရင် နောင်မျိုးဆက်အတွက် ဆိုးမွေ ချန်ထားသလို ဖြစ်ပါလိမ့်မယ်။
ဒါကြောင့်ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ ယဉ်ကျေးမှုထဲမှာ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုကို ထည့်ထားတာပါ။
ဒီအပိုင်းမှာ အဓိက တာဝန်ရှိတာက လူငယ်တြွေဖစ်သလို အဓိက မလိုက်နာကြသူတွေကလဲ လူငယ်တွေပဲများနေတာကို တွေ့ရပါတယ်။
ပိုဆိုးတာက globalization ကြောင့် တိုင်းတစ်ပါးက ယဉ်ကျေးမှုတွေကို လွယ်လွယ်ကူကူ ထိတွေ့စမ်းသပ်လာနိုင်တာပါပဲ။
အဲဒီလို ထိတွေ့စမ်းသပ်လာပြီးတဲ့နောက် အဲဒီယဉ်ကျေးမှုကို အထင်ကြီးပြီး မြန်မာ့ယဉ်ကျေးမှုကို ပစ်ပယ်နေကြသူတွေ ပတ်ဝန်းကျင်မှာ အများကြီးပါ။
အများစုကို ကြည့်ရင်လဲ ဘွဲ့ရ၊ပညာတတ်လို့ ခေါ်ရမယ့် သူတွေ ဖြစ်နေတယ်။
အတော်များများက ကိုယ့်တိုင်းပြည်က ယဉ်ကျေးမှု ဓလေ့စရိုက်တွေသာ မသိရင်ရှိမယ်၊ တိုင်းတစ်ပါး အကြောင်းကိုတော့ မွှတ်နေအောင်(အဲလောက်နီးနီး) သိကြတာများတယ်။
ဒီကြားထဲမှာ မီးလောင်ရာ လေပင့်သလို လုပ်ပေးနေတာကတော့ ရုပ်သံဌာနတွေပါပဲဗျာ။
ပြောရမယ်ဆိုရင် မီဒီယာဆိုတာ ပြည်သူကို အသိပညာပေးတဲ့ အရာပါ။
အဲဒီထဲကမှ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေသာ လူတိုင်းမဖတ်ရင်နေမယ်၊ ရုပ်သံအစီအစဉ်ကတော့ လူတိုင်းနီးပါး ကြည့်ဖြစ်နေတာပါ။
လူတိုင်းနီးပါးထဲမှာ ကလေးငယ်လေးတွေပါတယ်၊ ဘုန်းတော်ကြီးတွေ ပါတယ်(ဝိနည်းတော်နဲ့ ညီမညီက နောက်မှငြင်းမယ် )၊ အဘိုးကြီး အမယ်ကြီးတွေလဲ ပါတယ်၊ မြီးကောင်ပေါက်စ စိတ်ကစားတတ်တဲ့ အရွယ်လေးတွေလဲ ပါတယ်၊ တွေ့ရာမြင်ရာကိုအတုခိုးပြီး စမ်းသပ်ကြည့်ချင်တဲ့ အရွယ်လေးတွေလဲ ပါပါတယ်။
ဒါကြောင့်မို့ ရုပ်သံဌာနတွေဟာ ပြည်သူလူထုကို အသိပညာပေးတဲ့နေရာမှာ အဓိက အခန်းကနေ ပါဝင်နေပါတယ်။
ဒါပေမဲ့ (ဒီစကားလုံးကို ပြောရတာလဲ နည်းနည်း များနေပြီ) အဲဒီလို အရေးပါတဲ့နေရာက ရှိနေတဲ့ ရုပ်သံတွေအားလုံးနီးပါးက တိုင်းတစ်ပါး ယဉ်ကျေးမှုကို အလေးပေးပြီး ပြသနေကြတာကို တွေ့နေရတယ်။
အဓိက ပြောချင်တာကတော့ ကိုရီးယား ဇာတ်လမ်းတဲွတွေပေါ့လေ။ ဘယ်လိုင်းမဆို သူက ပါတယ်။
ဒါဆို ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်လို့ရော မပြဘူးလားလို့ မေးရင် ပြတာတော့ ပြတာပေါ့ဗျာ
တကယ် လူအများစု ကြည့်ကြတဲ့အချိန်မှာ ဒီဇာတ်လမ်းတွဲတွေကို ပြသပြီးတော့ စိတ်မဝင်စားတဲ့ အချိန်တွေမှာမှ ယဉ်ကျေးမှုအကြောင်း ဝတ်ကုန်ကျေကုန် လွှင့်ပေးတာကို ပညာပေးတယ်၊ ပြသတယ်လို့ ကျွန်တော်တော့ မခေါ်ချင်ပါဘူးဗျာ။ ထိရောက်မှု မရှိလို့ပါ။
ဒီ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုမှ ဘာလို့ ဒီလောက် ချဲ့ကားပြီးပြောနေရတာလဲဆိုတာ မေးစရာရှိပါတယ်။
ကျွန်တော့် အဖြေကတော့ ဒီအပိုင်းဟာ လူမျိုးတစ်စု၊ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကို တိုင်းတာတဲ့ အပိုင်းလို့ မြင်လို့ပါ။
နောက်တစ်ချက်ကတော့
ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုဆိုတာက ဘယ်လောက် ပြုပြင်ထိန်းသိမ်းသည်ဖြစ်စေ တစ်ချိန်မှာတော့ ပျက်စီးပျောက်ကွယ်မှာပါပဲ၊
ဒီ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု တွေကတော့ ဘိုးဘေးဘီဘင်လက်ထက်ကတည်းက အစဉ်အဆက် လက်ဆင့်ကမ်းလို့ ထိန်းသိမ်းခဲ့ကြတယ်။ ခေတ်တွေ ပြောင်းလာပေမယ့် ခေတ်နဲ့ လိုက်လျောညီထြွေဖစ်အောင်၊ မူလအနှစ်သာရ မပျောက်ပျက်အောင် ပြင်ဆင်ခဲ့ကြတယ်။ သမိုင်းပေးတာဝန်အဖြစ် မျိုးဆက်တစ်ခုကနေတစ်ခု လက်ဆင့်ကမ်းလို့ သယ်ဆောင်ပေးခဲ့ကြတယ်။ ဒါကြောင့်သာ အခုအချိန်ထိ မပျောက်မပျက်ဘဲ ကျန်ရှိနေတာပါ။ နည်းစနစ်မှန်မှန်နဲ့သာ လက်ဆင့်ကမ်းအမွေ ပေးခဲ့မယ်ဆိုရင် ကမ္ဘာတည်သရွေ့ ပျောက်ပျက်စရာ အကြောင်းမရှိပါဘူး။
ဒီယဉ်ကျေးမှုတွေဟာ ကျွန်တော်တို့သာ တာဝန်ကျေကျေနဲ့ နောက်မျိုးဆက်တွေဆီကို လက်ဆင့်ကမ်းရမှာဖြစ်ပါတယ်။ မျိုးဆက် တစ်ခုကနေတစ်ခု၊ ရာစု တစ်ခုကနေတစ်ခု ကူးပြောင်းပြီးတော့ လက်ဆင့်ကမ်းအမွေ ပေးခဲ့ရမှာပါ။
ဒီအလုပ်ကို ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကမှ လာလုပ်ပေးမှာမဟုတ်ပါဘူး၊ ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေကိုသာ ထိန်းသိမ်းစောင့်ရှောက်ဖို့ အကူအညီပေးပါလိမ့်မယ်၊ စိတ်ပိုင်းဆိုင်ရာကတော့ ကိုယ်တိုင်ရဲ့ အသိစိတ်ဓာတ်နဲ့သာ လက်ဆင့်ကမ်း စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
လက်ရှိမျိုးဆက်က တာဝန်မကျေခဲ့ရင် လွယ်လွယ်ကူကူနဲ့ ပျောက်ပျက်သွားမယ့် အရာတွေလဲ ဖြစ်နေပြန်ပါတယ်။ ကိုယ်စီကိုယ်စီ တာဝန်ကျေကြရင် ထိန်းသိမ်းဖို့ လွယ်ကူပေမယ့်၊ တာဝန်မကျေရင်တော့ မှေးမှိန်ပျောက်ကွယ်သွားဖို့ အခွင့်အရေးကလဲ အရမ်းများနေပါတယ်။
ခံစားချက်တွေ ပါသွားလို့လားမသိဘူး၊ ဒီအပိုင်းမှာပြောတာ နည်းနည်း များသွားသလိုပဲ။
ကဲ တတိယအချက် သဘာဝအမွေအနှစ်တွေကို ဆက်ပါမယ်။
သဘာဝ အမွေအနှစ်တွေကို ပြန်ပြီး ပြောရမယ်ဆိုရင် နိုင်ငံရဲ့ ပုံရိပ်သဏ္ဏာန်ဖြစ်နေတဲ့ နေရာတွေ (ဥပမာ ဧရာဝတီမြစ်၊ အင်းလေးအိုင်)၊ သဘာဝကို မပျက်စီးစေဖို့ ထိန်းသိမ်းထားတဲ့ ဘေးမဲ့တောတွေ( ဘေးမဲ့တောမှာ သစ်ပင်တွေရော ဘေးမဲ့ကြသေးရဲ့လားတော့ မသိ)၊ ဒီနိုင်ငံအတွင်းမှာသာပေါက်ရောက်တဲ့ သစ်ပင်မျိုးစိတ်တွေ၊ တိရစ္ဆာန်မျိုးစိတ်တွေ ပါရှိတယ်ပေါ့ဗျာ။
ပုံမှန်အတိုင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို သတ်မှတ်ရာမှာ များသောအားဖြင့် နှစ်မျိုးပဲ သတ်မှတ်လေ့ရှိတာကို တွေ့ရတယ်၊ သဘာဝ အမွေအနှစ်ကို သိပ် မထည့်ထားကြဘူး။ (ဒါကြောင့်လဲ သဘာဝကို ဂရုမစိုက်ကြတာတွေ များလာတာ)
အမှန်တကယ်တော့ သဘာဝ အမွေအနှစ်ဟာလဲ ယဉ်ကျေးမှုထဲကို ဆွဲသွင်းလို့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ သတ္တဝါတွေ အားလုံးဟာ ဒီ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထြွေဖစ်အောင် ပြုပြင်ပြီးတော့ နေထိုင်ကြရပါတယ်။
သဘာဝပတ်ဝန်းကျင်ရဲ့ ပြုပြင်ဖန်တီးပေးမှုနဲ့ပဲ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ ဖြစ်ပေါ်လာတာပါ။
ဒီ သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးအောင် လုပ်တာတွေကလဲ ယဉ်ကျေးမှုအမွေအနှစ် တွေကို ပျက်စီးအောင်လုပ်တာနဲ့ အတူတူပါပဲ။
သူကြီး ပြောပြောနေတဲ့ ခေးအော့စ် သီအိုရီကို မတတ်တတတ်နဲ့ လိုရာဆွဲပြီး ယူသုံးရမယ်ဆိုရင်
သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးတော့ ဂေဟစနစ်တွေ ပျက်စီးတယ်၊ ဂေဟစနစ်တွေ ပျက်စီးလို့ အပင်တွေ၊ သတ္တဝါတွေ မျိုးတုံးပျောက်ကွယ်ကုန်တယ်၊ အဲဒီရဲ့ အကျိုးဆက်နဲ့ ကမ္ဘာကြီး ပူနွေးလာတယ်၊ ရာသီဥတုတွေ ဖောက်ပြန်လာတယ်၊ ရာသီဥတု ဖောက်ပြန်လာတာကြောင့် သဘာဝဘေးအန္တရာယ်တွေ ပိုဖြစ်လာတယ်၊ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ထုံးတမ်းစဉ်လာတွေ ပျောက်ကွယ်ကုန်တယ်။ သဘာဝက ပြောင်းလဲလာတာကြောင့် လူသားတွေ၊ သတ္တဝါတွေ၊ အပင်တွေရဲ့ နေထိုင်မှုပုံစံတွေကလဲ တဖြည်းဖြည်း ပြောင်းလဲလာတယ်။
ဒါကြောင့် သဘာဝ အမွေအနှစ်တွေကိုလဲ ယဉ်ကျေးမှု စာရင်းထဲမှာ ထည့်ထားတာပါ။
သဘာဝ အမွေအနှစ်တွေကိုလဲ ကောင်းကောင်း မထိန်းသိမ်းဘူးဆိုရင် သမိုင်းပါ ပျောက်သွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
ကဲ ပြောချင်တာတော့ ပြောပြီးသွားပြီ တစ်ခုပဲ ကျန်တော့တယ်။
ဘာရည်ရွယ်ချက်နဲ့ ဒါတွေကို လာပြောနေတာလဲ ဆိုတဲ့ အကြောင်းပါ။ စာဖတ်သူတွေလဲ မေးချင်နေမယ်ထင်ပါတယ်။
အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ကိုယ့်လူမျိုးရဲ့ သမိုင်းကြောင်းကို နည်းနည်း ပိုသိလာတာကြောင့်လို့ ပြောချင်ပါတယ်။
မြန်မာလူမျိုးတွေ၊ဟာ တခြားသော လူမျိုးတွေလို မနေ့တစ်နေ့ကမှ ဖြစ်ပေါ်လာကြတာမဟုတ်ပါဘူး။
မြန်မာတွေမှာ တန်ဖိုးထား လေးစားစရာ သမိုင်းကြောင်း အရှည်ကြီး ရှိပါတယ်။
မြန်မာနိုင်ငံဟာ သမိုင်းမတင်မီခေတ်ကတည်းက ကမ္ဘာဦးလူသားတွေ စတင်နေထိုင်ခဲ့တယ်။ ဒါကြောင့်မို့ မြန်မာ့သမိုင်းကို ပြောမယ်ဆိုရင် ကျောက်ခေတ်ဝန်းကျင်လောက်က စပြောရမယ်။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံမှာ လူသားတွေ စတင်နေထိုင်နေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေပါတယ်။
သမိုင်းတစ်လျှောက် ပြန်ကြည့်ရင် လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်သူတွေဟာ ရေကြည်ရာမြက်နုရာ ရှာရင်း တဖြည်းဖြည်း ဝင်ရောက်လို့ ရှိနှင့်တဲ့ မျိုးနွယ်စုတွေနဲ့ ပေါင်းစည်းသွားတာကိုတွေ့ရမယ်။ ဒီလိုနဲ့ပဲ သမိုင်းမှတ်တိုင်တွေ ဖြစ်ပေါ်လာခဲ့တာပါ။
ဒီသမိုင်းတွေ ဆင့်ကဲ ဆင့်ကဲ ပြောင်းလဲလာတာနဲ့အမျှ ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ နေထိုင်မှုပုံစံ စတာတွေလဲ ပြောင်းလဲလာခဲ့ပါတယ်။
မြန်မာတွေအတွက် အနှစ်သာရပြည့်ဝပြီးတော့ အပြောင်းအလဲတွေ ပြည့်နှက်နေတဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဟာ ဘယ်လောက် ရှည်ကြာခဲ့ပြီလဲဆိုတာ တွေးစရာပါ။
ဒီ ယဉ်ကျေးမှုတွေဟာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း ထိမ်းသိန်းလို့ သမိုင်းပေးတာဝန်ကို ရှေ့လူတွေက ကျေပွန်အောင် ယူသွားကြတယ်လေ။
ဒီတာဝန်တွေဟာ တဖြည်းဖြည်းနဲ့ တက်လူတြွေဖစ်တဲ့ လူငယ်တွေဆီကို ရွေ့လျားနေပါပြီ။ ဒါပေမဲ့ လူငယ်တွေကတော့ အဆင်သင့်ဖြစ်တဲ့ပုံစံ မပေါ်သေးဘူး။
ဒီအတိုင်းသာ ဆက်သွားရင် ဒီယဉ်ကျေးမှုတွေဟာ ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေကို ပြစရာမကျန်ဘဲ ဖြစ်သွားမှာပါ။
အဲဒါကတော့ ဘာလို့ ဦးမာဃ တစ်ယောက် ဒါတွေကို အရေးတယူလုပ် ပြောနေရပါလိမ့်ဆိုတဲ့ အချက်ပါပဲ။
ဒီလိုတွေ ဖြစ်မလာဖို့အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ရှာသင့်ပါပြီ။ ဒီအတိုင်း မသိသလိုနေရင် ဒီ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟာ ကမ္ဘာပေါ်ကတောင် ပျောက်ကွယ်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဟို ဝန်ကြီးဌာနတစ်ခုမှာ ရေးထားတာလေး ရှိပါတယ်လေ။
“မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်” တဲ့။
ဒီစကားလေးလို မဖြစ်အောင်လို့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု အမွေတွေကို လက်ဆင့်ကမ်းလို့ ကာကွယ်စောင့်ရှောက်ကြပါစို့လားဗျာ။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဒီလ အစပိုင်းမှာ သားတော်မောင်က ဦးမာဃကို ပြောလာပါတယ်။
ပြည်ထောင်စုနေ့အကြိုအဖြစ် ကျောင်းမှာ debate ပြိုင်ရမယ်တဲ့။
ခေါင်းစဉ်ကတော့ Preservation of cultural heritage ပါတဲ့။
အဲဒါလေး ရှာပေးပါဦး ဆိုတာနဲ့ ဦးမာဃ သူ့ ပြိုင်ပွဲအတွက် ဟိုရှာ ဒီရှာ ရှာပေးရင်း ထွက်လာတာလေးတွေပါ။
ရှာဖွေလေ၊ တွေ့ရှိလေ ဆိုတဲ့ စကားအတိုင်း တကယ်ရှာကြည့်မှ ဒါဟာ ဘယ်လောက် အရေးပါသလဲ ဆိုတာ ပို သိလာပါတယ်။
သားတော်မောင်ရဲ့ ပြိုင်ပွဲကတော့ ပြီးသွားပါပြီ။
ဒါပေမဲ့ ဦးမာဃ စိတ်ထဲမှာ ဒီအကြောင်းအရာက ကျန်နေရစ်ခဲ့တယ်။
ဒီအကြောင်းအရာတွေကို သတိထားမိကြရဲ့လား၊ သတိပြုမိကြရဲ့လားဆိုတာ တွေးမိလာတယ်။
တွေးရင်းနဲ့လဲ ဒီအကြောင်းကို မသိသေးသူတွေ သိစေချင်လာတယ်။
ဒါကြောင့် ဒီပို့စ်လေး ဖြစ်ပေါ်လာတာပါ။
ဖတ်ရှုပြီးလို့ အတွေးတစ်စ ရသွားတယ်ဆိုရင် ဦးမာဃ ရေးရကျိုးနပ်ပါပြီ။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
ဟူးး မလွယ်ဘာလား သဂျားရယ် နင့်ဟာ တစ်ပြားမှလည်း မပေးဘဲနဲ့ .......
ReplyDeleteဒါကိုတော့ သည်းခံပါ အမတော် :)
ReplyDeleteအေးအေး
ReplyDeleteငါလည်း လာသွားတယ်ဆိုတာ ..
အဲ့ဒါ .. အဲ့ဒါ .. :D
လာတယ်ဆိုတော့လဲ လာတယ်ပေါ့လေ :)
ReplyDelete