ဆင်ဆာ ဖျက်သိမ်းလိုက်လို့ အားရဝမ်းသာ ကြိုဆိုမှုတွေလဲ တွေ့ခဲ့ပေါ့။
ဒါပေမယ့် အခုတစ်လော (ပြောရမယ်ဆိုရင်တော့ ဟိုအရင်ကတည်းကပါ။) တွေ့နေတာ မြင်နေ၊ ကြားနေတာကို အခြေပြုလို့ ထွက်လာတဲ့ အတွေးလေးတွေကို နည်းနည်း ပြောချင်မိတယ်။
အဖြစ်အပျက်လေး နှစ်ခုကို တင်ပြပါမယ်။
ပထမ အဖြစ်အပျက်ကတော့ ကြော်ငြာနဲ့ ပတ်သက်တာပါ။
ကျွန်တော်တို့အိမ်မှာ ရုပ်မြင်သံကြား ရှိပါတယ်( ဒါများ ပြောနေစရာလားလို့ မမေးပါနဲ့ ရှေ့ဆက်ဖတ်ပါဦး)
လာသမျှ၊ လွှင့်သမျှ အခမဲ့လိုင်းအစုံကို မနက်ကနေ ညနေထိ (အချိန်အတော်များများကြည့်ပါတယ်)
အိမ်မှာက အဖွားရှိတယ်လေ။ ကျန်တဲ့သူတွေက အလုပ်သွား၊ ကျောင်းသွားနဲ့ အပြင်ရောက်နေတာများတော့ သူက ဒီ တီဗီတစ်လုံးနဲ့ အပျင်းဖြေရသကိုးဗျ။
ညနေ ကျွန်တော်တို့ ပြန်ရောက်ချိန်ကျပြန်တော့လဲ ဒီ တီဗီကိုပဲ အပန်းဖြေစရာအဖြစ် ကြည့်ကြသကိုး။
ဆိုတော့ အဲဒီမှာ ကြော်ငြာတစ်ခုလာတိုင်း ကျွန်တော်တို့ မနေတတ်မထိုင်တတ် ဖြစ်ရတယ်။
ကြော်ငြာကတော့ ဘာမှမဟုတ်ပါဘူး။ သူ့ဟာသူ ရိုးရိုးလေးလို့ ပြောလို့ရပါတယ်။ ဘယ်မင်းသား၊ မင်းသမီးမှလဲ ပါတာမဟုတ်ဘူး။ ကာတွန်းရုပ်ရှင်(လို့ပဲပြောရမှာပေါ့) လေးနဲ့ပဲ ပြသွားတာ။
စာဖတ်သူတို့ရေ အဲဒါ ဘာကြော်ငြာလဲ သိကြသလားဗျ။
ပြောပြမယ်ဗျို့ အဲဒါ အဖော်ကွန်ဒုံး ကြော်ငြာပါဗျ။
သို့ပေမင့် သူတင်ပြထားပုံလေးက အတော်ကို ယဉ်ကျေးတယ်လို့ သတ်မှတ်ရမယ်။ ဘာသရုပ်ဆောင်ချက်၊ ဘယ်လိုအတွေးမှ မဝင်စေပဲနဲ့ သူပေးချင်တဲ့ သတင်းစကားကို ရအောင် ပေးသွားတာ။
ဒါပေသိ ပြဿနာတက်ပြီး ကျန်ခဲ့တာကတော့ ကျွန်တော်တို့တွေပေါ့ဗျာ။
အဲဒီကြော်ငြာ လာပြီးတိုင်း ကျွန်တော်တို့ကို အဖွားက မေးခွန်းတစ်ခု မေးသဗျို့ ။
အဲဒါ ဘာကြော်ငြာပါလဲတဲ့ ခင်ဗျာ။
အဲသလို မေးပြီဆိုမှဖြင့် မြေးတစ်သိုက် ဟိုလိုလို ဒီလိုလိုလုပ်ပြီး ပတ်သာ ပြေးကြတော့တာပဲ။
လူတိုင်းသိပါတယ်။ ဒါ ဘာကို ကြော်ငြာတာလဲဆိုတာ။
ဒါပေမင့် ဒီ အသက် ခုနှစ်ဆယ်ကျော် အဖွားကို ဘယ်လိုနားလည်အောင် ရှင်းပြရမှာလဲ အရပ်ကတို့ရဲ့။
အဲဒီလို ဖြစ်ပြီဆိုရင် ကိုယ်တွေရဲ့ စောင့်ထိန်းနေရတဲ့ ယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းကိုပဲ အပြစ်တင်ရမလား၊ ဒီကြော်ငြာကို ပြသတဲ့၊ ဒီလို ရိုက်ကူးပြီးတင်ပြတဲ့ သကောင့်သားများကိုပဲ အပြစ်တင်ရမလား တွေးလို့ကို မရဘူး။
နှစ်ဖက်စလုံးက မှားနေတာတော့ မဟုတ်ဘူးလေ။ နှစ်ဖက်လုံး မှန်နေတာဗျ။
အဲဒါက ပထမ အဖြစ်အပျက်
ဒုတိယ အဖြစ်အပျက်က ဗီဒီယို၊ ရုပ်ရှင်၊ သီချင်းဗွီဒီယိုတွေနဲ့ ပတ်သက်တာ။
တစ်ရက်ပေါ့ ညီမငယ်(ဆယ်နှစ်ပဲ ရှိပါသေးတယ်) သီချင်းခွေလေး ဝယ်လာတယ်။ သူကြိုက်တဲ့အဆိုတော်တွေကို စုထားတဲ့ ခိုးကူးခွေပါ။(ရှင်းအောင်ပြောထားရတာ)
အိမ်ရောက်တော့ အဲဒီ သီချင်းခွေကို ဖွင့်လို့ သီချင်းနားထောင်တယ်။ ကာရာအိုကေ ကြည့်သပေါ့ဗျာ။ (သူတို့ အပြောအရဆို အမ်တီဗွီပေါ့)
သီချင်းတွေကလဲ ခေတ်ပေါ်ဆိုတော့ Hip Hop သီချင်း မြူးမြူးတွေ ၊ အဲဒီသီချင်းကို သရုပ်ဖော်တဲ့ ဗွီဒီယိုကလဲ သီချင်းနဲ့အလိုက် လူငယ်ကြိုက်ဆိုတော့ ခပ်ဟော့ဟော့ ခပ်မိုက်မိုက် ရိုက်ထားသပေါ့။
အဲဒီမှာ တွေ့တာက (ဗွီဒီယိုထဲမှာနော်) ယဉ်ကျေးမှုနဲ့ မလျော်ညီဘူးလို့ ပြောလို့ရနိုင်တဲ့ ပြကွင်း ပြကွက်တွေ ပါပါလာတာ။
ဥပမာ နိုက်ကလပ်ထဲမှာ ကနေကြတာတို့၊ အခန်းထဲမှာ နှစ်ယောက်တွဲလို့ချစ်ကြည်နူးနေကြတာတို့၊ မိန်းကလေးတန်မဲ့(သုံးနေကျမို့ပါဗျာ) ယောက်ျားလေးကို မူယာမာယာအမျိုးမျိုးနဲ့ ဆွဲဆောင်နေတာတို့ အဲသလိုတွေပေါ့ဗျာ။ (တော်သေးတာက သူဝယ်လာတာ အိန်အိန်း မဟုတ်ဘူးဗျ။ အိန်အိန်းဆို ဒီထက်ဆိုးမယ်)
အဲဒီပြကွက်တွေဟာ ကျွန်တော်တို့ မျက်စိနဲ့ ကြည့်မယ်ဆိုရင် ရိုင်းတယ်လို့ ပြောလို့မရသလို၊ ယဉ်ကျေးမှုနဲ့ဆန့်ကျင်နေပါတယ်လို့ သတ်မှတ်ဖို့ မလိုဘူးလို့ ပြောနိုင်ပါတယ်။ နိုင်ငံတကာမှာဆို ဒါက ဘာမှကို မဟုတ်လောက်တဲ့ သာမန် ပြကွက်တွေလို့ ပြောနိုင်တာကိုး။
ဒါပေမယ့် ကျွန်တော့်နေရာကနေ မြင်ကြည့်ကြပါဦး။ ကြည့်နေတာက လူငယ်မဟုတ်ဘူး၊ အသက်မပြည့်သေးတဲ့၊ ရှင်းရှင်းပြောရရင် အတော်ကို ငယ်တယ်လို့ ပြောနိုင်တဲ့ ကလေးငယ်(မိန်းကလေး)ပါ။
ဒီအခြေအနေမှာ ဒီကလေးငယ်သည် အဲလို ပြကွင်း ပြကွက်တွေကို မကြည့်သင့်ဘူးလို့ ကျွန်တော် သတ်မှတ်ပါတယ်။ (ဘယ်သူ ဘယ်လိုပဲ ပြောပြောပါ)
ဒီအရွယ်ဟာ အရမ်းကို အတုခိုးလွယ်တဲ့၊ အရာရာကို စူးစမ်းတတ်တဲ့ အရွယ်ပါ။
ဒါပေမင့် သူကြည့်နေတာကို ကျွန်တော် ဘာမှမပြောခဲ့၊ မတားမြစ်ခဲ့ပါဘူး။ စာဖတ်သူများ ကြိုက်သလို မြင်နိုင်ပါတယ်။
အကုန်လုံးဟာ ငယ်ရာက ကြီးလာကြတာပါ။ ကျွန်တော်တို့ဟာ လူ့စိတ်သဘာဝအရ တားမြစ်ထားတယ်ဆိုရင် ပိုလို့ လုပ်ချင်၊ စမ်းသပ်ချင်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့် ညီမငယ်ကို မကြည့်ပါနဲ့လို့ သွားတားရင် သူဟာ ကြည့်ရဖို့ တခြားနည်းလမ်းရှာပါတော့မယ်။ ရှာနိုင်၊ကြည့်နိုင်တဲ့ ပတ်ဝန်းကျင်ပါ။ သူ့ကို ကျွန်တော် တစ်ချိန်လုံး စောင့်ကြည့်မနေနိုင်ဘူးကိုး။
ဒါကြောင့် ကျွန်တော် မတားခဲ့ပါ။
ဒီအဖြစ်အပျက်မှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကို ဆန်းစစ်ကြည့်ရင် မှားနေတာက ကျွန်တော်တို့ဖြစ်ပြီး ကလေးငယ်က မှန်နေတာကို သွားတွေ့လိမ့်မယ်။ အပေါ်က တစ်ခုလို နှစ်ဖက်လုံး မမှန်တော့ဘူး။
အခု ကျွန်တော်ပြောနေတာ ပြည်တွင်းက ထုတ်တဲ့၊ သာမန် ဂီတ ဗီဒီယိုတစ်ခုပါ။
ကျွန်တော်တို့တတွေ ကြည့်ကြတဲ့အထဲမှာ နိုင်ငံခြား ရုပ်ရှင်တွေ၊ မြန်မာဗီွဒီယိုဇာတ်ကားတွေ ရှိပါသေးတယ်။
နိုင်ငံခြား ရုပ်ရှင်တွေဆို (သိကြတဲ့အတိုင်း) အဆင့်အတန်း သတ်မှတ်ချက်နဲ့ လာတာပါ။
တစ်ခါတစ်လေ PG-13 ရှိချင်ရှိမယ်၊ 18+လဲ ဖြစ်ချင် ဖြစ်မယ်၊ PG-12လဲ ကြည့်ချင်ကြည့်ကြတာပဲ။
ကျွန်တော်တို့တတွေက အဲဒီအဆင့်သတ်မှတ်ချက်ကို ကြည့်တာမဟုတ်ဘူး၊ ဒီဇာတ်ကား ကောင်းတယ်မကောင်းဘူး ဝေဖန်ချက်နဲ့ ကြည့်ကြတာ၊ ဒီကား ကောင်းသဟေ့ဆို ပြောလိုက်ရင် အဲဒီကားကို ငှားကြည့်ကြသပေါ့။
ကြည့်ပြန်ရင်လဲ ဧည့်ခန်းထဲမှာ ရှိတဲ့ တီဗွီဆိုတော့ ကလေးတွေရော၊ အဖွားတို့ရော၊ ကျွန်တော်တို့ရော အကုန် ဝိုင်းကြည့်ကြတာပါ။ (ဓလေ့ထုံးစံတောင် ဖြစ်နေပါပေါ့)
အဲသလို ကြည့်ရာမှာ ကျွန်တော်ကိုယ်တိုင် ပါဝင်ပါတယ်။ အဆင့်အတန်း သတ်မှတ်ချက်ကိုလဲ ဖတ်ပါတယ်၊ ဒါပေသိ အဲဒီသတ်မှတ်ချက်အတိုင်းတော့ ဘယ်တော့မှ မကြည့်ဖြစ်ပါဘူး။
အများညီလို့ ဤကို ကျွဲပဲ ဖတ်လွတ်လိုက်ရတာပါ။ အဲဒီနေရာမှာ ကျွန်တော်က ဒါဟာ ဆယ့်သုံးနှစ်အောက်၊ ဆယ့်ရှစ်နှစ်အောက်တွေ မကြည့်ရဘူးလို့ သွားပြောရင် အဲဒီ မကြည့်ရတဲ့ ကလေးတွေက လစ်တဲ့အချိန်ကြည့်ကြမှာဗျ။
ကျွန်တော်တို့မှာ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ(ဂီတ ဗီဒီယို အပါအဝင်) အားလုံးကို အဆင့်အတန်း သတ်မှတ်ပေးတဲ့စနစ် မရှိသေးဘူး။
စနစ် ရှိတယ် ဆိုပြန်ရင်လဲ လိုက်နာမှုအားက အရမ်းကို နည်းတယ်။
အဲဒီမှာ အဓိက အကျိုးသက်ရောက်မှုဖြစ်သွားတတ်တာက ကလေးသူငယ်တွေ။
ကောင်းကျိုးမဟုတ်ဘူးနော်၊ ဆိုးကျိုး။
ကလေးတွေရဲ့ အသိစိတ်ထဲမှာ၊ မှတ်ဉာဏ်ထဲမှာ ဒီလို ပြကွင်း ပြကွက်တွေ၊ အပြုအမူတွေကိုသာ စွဲသွားမယ်ဆိုရင် (ဆင်ခြင်စဉ်းစားနိုင်မှုလဲ နည်းသေးတာမို့) မလိုလားအပ်တဲ့ အပြုအမူ၊ အဖြစ်အပျက်တွေ ဖြစ်လာမယ်ဆိုတာ တွေးလိုက်ရုံနဲ့ သိသာပါတယ်။
ဒါပေသိ ကျွန်တော် အဲဒါတွေကို သိနေလျက်ကယ်နဲ့ ဘာလို့ မတားသလဲ၊ ကိုယ်တိုင်က ဘာလို့ စမလုပ်သလဲလို့ မေးကြ ပြောကြမယ်ဆိုရင် ကျွန်တော့်အဖြေက အသင့်ရှိပါတယ်။
ပို ဆိုး သွားမှာ စိုးလို့ပါခင်ဗျာ။
ကျွန်တော် တားမြစ် ပိတ်ပင်လိုက်လို့ ရပေမယ့် ကျွန်တော့် ပတ်ဝန်းကျင်က အားတက်သရော လိုက်ပါလာမယ့်သူ မရှိပါဘူး။ တားမြစ် ပိတ်ပင်တာကြောင့် မျက်ကွယ်မှာ ပိုလို့တောင် လုပ်ကြလိမ့်ဦးမယ်။
အဲဒီအချိန်မှာ ကျွန်တော် မသိလိုက်ဘဲ ပိုလို့ ဆိုးသွားနိုင်ပါသေးတယ်။
လက်ရှိ မျက်စိရှေ့မှာ ရှိနေတာကမှ လုံးဝ အမြင်မတော်ရင် လှမ်းဟန့် လှမ်းတားလို့ ရသေးတယ်။
လုံးဝ ပိတ်ပင်လိုက်ရင် ကျွန်တော့်မျက်ကွယ်မှာ ဘာတွေလုပ်ကြမယ်ဆိုတာ မသိနိုင်တာမို့ သိသိကြီးနဲ့ လွှတ်ထားရပါတယ်။
ရှေးရိုးစွဲ ဆန်တယ်လို့ပဲ ပြောချင် ပြောပစေတော့ ကျွန်တော်ကတော့ ဗီဒီယိုဆင်ဆာအဖွဲ့ ဖျက်သိမ်းတာကို သဘောကျသော်လည်း နောက်နောင် ဒီထက်ဆိုးလာရင် ထိန်းသိမ်းဖို့ အဆင့်သတ်မှတ်ချက် ထုတ်ပြန်ပေးမယ့် အဖွဲ့တော့ လိုအပ်ပြီလို့ ထင်ပါတယ်။ ဆင်ဆာဖြတ်ဖို့ မဟုတ်ပါဘူး ကြည့်ရှုနိုင်တဲ့ အဆင့်အတန်းတွေကို သတ်မှတ်ပေးဖို့ပါ။
အဆင့်သတ်မှတ်ချက် ထုတ်ပြန်ရုံနဲ့လဲ မပြီးပါဘူး၊ ဒီလို ထုတ်ပြန်ထားတယ်၊ ဒါတွေကို လိုက်နာသင့်တယ်ဆိုတာကိုလဲ ပြည်သူတွေသိအောင် အသိပညာပေးဖို့လိုပါသေးတယ်။ သူတို့တွေ တကယ် မလိုက်နာရင်ဖြင့် ဒါဟာ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး။
ဒီအတိုင်း ဆက်သွားနေကြရင်ဖြင့် မောင်နဲဲ့နှမ သားနဲ့အမိ ကြည့်လို့မတော်တဲ့ ပြကွင်း ပြကွက်တွေကနေ တစ်ဆင့်တက်လို့ ကလေးငယ်တွေကအစ ဒီလိုအနေအထားမျိုးတွေ နေထိုင်၊ ပြုမူလာကြမှာကို မြင်ယောင်နေမိပါတယ်။
ဒါကြောင့် ကျွန်တော် ပြောချင်တာကတော့ ဆင်ဆာအဖွဲ့ ပြန်လာခဲ့ပါ။ အဆင့်သတ်မှတ်ချက်လေးတွေ ထုတ်ပေးကြပါ လို့ရယ်သာ…………………………………..
မွှေမိတဲ့ ratings တွေ |
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
0 comments :
Post a Comment