Monday, September 11, 2017

လုလင်ငယ်သွေး နှစ်ဆယ့်လေး

Leave a Comment


တစ်နှစ် တစ်နှစ်ဟာ ဘာမှ မကြာလိုက်သလိုနဲ့ အသက်တစ်နှစ် ထပ်ကြီးလာပြန်ပေါ့...
အိုင်တီခေတ်ကြီးထဲမှာ အိုင်တီသမားလုပ်ဖို့ ရွေးမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ထိုင် မေတ္တာပို့ရမလား မသိ...
တစ်နေ့တစ်နေ့ နည်းပညာနောက်ကို မျက်ခြေမပြတ်အောင် ပြေးလိုက်နေရတာ ပင်ပန်းလာမိတယ်။

အပြောင်းအလဲမြန်လှတဲ့ ခေတ်ကြီးထဲ နေထိုင်မှုပုံစံပါ တဖြည်းဖြည်း လိုက်ပြောင်းလာတာတော့ သတိထားမိရဲ့
ရုံးနဲ့အိမ်၊ အိမ်နဲ့ရုံးကြား လွန်းပြန်ထိုးရင်း ရုံးတက်ချိန်တွေ စောလာသလောက် အိမ်ပြန်ချိန်တွေ ပို ညဉ့်နက်လာခဲ့
ပိတ်ရက်တွေမှာတော့ တစ်ပတ်စာ အိမ်အလုပ်တွေနဲ့ နပန်းလုံးရင်း
လူဟာလည်း တဖြည်းဖြည်း အိမ်တွင်းပုန်း သတ္တဝါ ဖြစ်မှန်းမသိ ဖြစ်လာရဲ့

အားလပ်ချိန်တွေမှာ
အပြင်လောကနဲ့ ဆက်နွှယ်ထားတဲ့ ပုံရိပ်ယောင်ဘဝထဲမှာပဲ အချိန်အများစု ကုန်ဆုံးရင်း
ကျန်တဲ့အချိန်တွေမှာ စာအုပ်နဲ့ ရုပ်ရှင်တွေပဲ ကိုယ့်အနားမှာ ထားမိနေရဲ့
ဒါတွေအကုန်လုံးဟာ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ဖြစ်လာတာတွေမှန်း သိနေတော့လည်း
ဒီထဲမှာပဲ အသားကျနေမိတဲ့ ကိုယ့်ကိုယ်ကို မအံ့သြမိတော့တာ မဆန်းပါဘု

ပတ်ဝန်းကျင်မှာ ခေတ်ရေစီးထဲ အလိုက်သင့် မျောပါနေတဲ့ လူငယ်တွေကိုလည်း တွေ့မိသလို
ဒီ ရေစီးထဲကနေပဲ ကိုယ်လိုရာလမ်းကို ရောက်အောင်ကူးဖို့ ကြိုးစားနေကြသူတွေလည်း မနည်းပြန်
ကိုယ်တိုင်ကတော့ ရေစီးထဲမှာ တရွတ်တိုက် မျောနေသလား ထင်ရလောက်အောင် လည်ထွက်နေလေရဲ့။
ဒီအရွယ် အပိုင်းအခြားကို ကမောက်ကမ သက်တမ်းလို့ပဲ သတ်မှတ်ထားရင် ကောင်းမလား...
ကလေးဆန်လို့လည်းမဖြစ်၊ ထိုက်သင့်သလောက်လည်း မရင့်ကျက်သေး၊ နောက်မျိုးဆက်နဲ့ ရှေ့မျိုးဆက်ကိုပဲ တအံ့တသြ ငေးကြည့်နေရတဲ့အချိန်
လွပ်လပ်မှုကို တောင့်တရင်း၊ စိတ်ကူးသစ်တွေ အိပ်မက်ကြည့်ရင်း ပတ်ဝန်းကျင်ရဲ့ မမြင်ရတဲ့ စည်းဘောင်တွေအောက် အနာဂတ်တချို့လည်း မှိန်ဖျော့ ပျောက်ကွယ်စ ပြုနေရဲ့

မြို့ပြရဲ့ မွန်းကျပ်မှုဟာ တစ်ရက်ထက်တစ်ရက် ပိုသိသာလာတယ်
ကွန်ကရစ် မြို့တော်သား ဖြစ်မှန်းမသိ ဖြစ်လာပြီးတဲ့နောက် မက်မိသမျှ အိပ်မက်တိုင်းမှာ စိမ်းစိမ်းစိုစို အေးအေးချမ်းချမ်းရှိတဲ့ နေရာတွေသာ ကြီးစိုးလာရဲ့။
ပျော်ရာမနေ တော်ရာနေ ဆိုတဲ့ထုံး နှလုံးမူလို့
ကိုယ့် အသက်မွေးပညာအတွက် ပဋိရူပ လို့ သတ်မှတ်ထားတဲ့ ဒီအရပ်မှာ သောင်တင်နေမိတာတောင် နှစ်နှစ်ကျော်ခဲ့ပြီ
ဒီလောက် ရုပ်ဝတ္တု ပစ္စည်းတွေ ပေါလှတဲ့ နေရာမှာ နေနေတာတောင် နေသားမကျ ဖြစ်နေတဲ့ အညာသားဟာ အညာပဲ ဆန်လွန်းရန်ကောလို့ အပြစ်တင်ရမလို

ဖြစ်နိုင်မယ် ဆိုရင်
လွန်ခဲ့တဲ့ လေးငါးနှစ်က စိတ်အားထက်သန်မှုတွေ ပြန်လိုချင်တယ်
အဲ့ဒီအချိန်က ရည်မှန်းချက် အပြည့်နဲ့ လူငယ်တစ်ယောက်ကို ပြန်တမ်းတတယ်
အရွယ်နဲ့ အတွေးနဲ့ မမျှလောက်အောင် သွက်လက် ဖျတ်လတ်နေခဲ့သလောက် ခုတော့ ဘာကြောင့်များ ငြိမ်သွားသလဲ တွေးရခက်နေရဲ့
ဖြည့်ခဲ့တဲ့ အိုးပဲ ပြည့်လုနီးလာလို့ ဘောင်ဘင်မခတ်တော့တာ လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ကြည့်မိတော့ သိပ်တော့ မဆိုးဘူးပဲ
နှစ်ဆယ့်လေး ဆိုတာ လူငယ်နဲ့ လူလတ်ကြား စပ်ကူးမတ်ကူး ကာလ လို့ပဲ သတ်မှတ်ပြီး တခါတလေ လူငယ်ဆန်ဆန် ရူးသွပ်ရင်း တခါတလေ အတိုင်ပင်ခံ လူကြီးနေရာ ဝင်ယူရင်းနဲ့ပဲ
နောက်ထပ် တစ်နှစ်မှာ ဘာဆက်ဖြစ်မလဲ ဆက်ကြည့်ကြတာပေါ့လေ...




လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

0 comments :

Post a Comment